ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၂၄ခုနှစ်၊ ကေအိုင်စီ
စစ်တပ်သစ္စာခံ ဦးအောင်ခမ်းထီ ဦးဆောင်သည့် ပအို၀်းပြည်သူ့စစ်(PNO/PNA)အနေဖြင့် ယခင် ချမှတ်ထားသည့် အာဏာရှင်ဆန့်ကျင်တိုက်ခိုက်ရေးမူအတိုင်း လူထုတော်လှန်ရေးတွင် ပြန်လည် ပူးပေါင်းပါ၀င်လာရန် ပအို၀်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC နှင့် ပအို၀်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO/PNLA) ပူးတွဲကြေညာချက် ထုတ်ကာ တိုက်တွန်းလိုက်သည်၊၊
ယခင် PNO စတင်ဖွဲ့စည်းစဥ်ကတည်းက လုံးဒါညီလာခံတွင် ချမှတ်ခဲ့သော စစ်အာဏာရှင် စနစ်နှင့် မဟာလူမျိုးကြီး၀ါဒ ဆန့်ကျင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးမူနှင့် အညီ လူထုတော်လှန်ရေးတွင်ပါ၀င်လာရန် ယနေ့ကျရောက်သည့် (၇၅)နှစ်မြောက် ပအို၀်း တော်လှန်ရေးနေ့တွင် PNFC နှင့် PNLO/ PNLA တို့က တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
စစ်အာဏာရှင် စနစ်ကို တော်လှန်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့သည့် PNO အနေဖြင့် ၁၉၉၁ ခုနှစ်တွင် အပစ် ရပ်ပြီး ၂၀၀၉ ခုနှစ်တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားသည်။ လက်ရှိတွင် စစ်တပ် အကူအညီ အထောက်အပံ့ကိုရယူ၍ ပအို၀်းလက်နက်ကိုင်အဖွဲ့အစည်းများအပြင် အခြားသော တော်လှန်ရေး အဖွဲ့အစည်းများကိုလည်း စစ်ကောင်စီ နှင့်ပူးပေါင်း၍ ပါ၀င်တိုက်ခိုက်ပေးနေသည့် အဖွဲ့ဖြစ်သည်။
ထို့အပြင် ၂၀၁၇ ခုနှစ်၊ နိုင်ငံရေး ဆွေးနွေးရေးကာလများက ပအို၀်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ပအို၀်းအစုအဖွဲ့များ အားလုံးပါ၀င်သည့်အခင်းအကျင်းအတိုင်း အဆိုပါ သွေးစည်း ညီညွတ် ရေးကိုအခြေခံပြီး ပအို၀်းလူမျိုးအချင်းချင်းကြား ပဋိပက္ခမဖြစ်ပွားရေးတွင် ပူးပေါင်း ဆောင်ရွက်ရန်လည်း ၎င်းပူးတွဲထုတ်ပြန်ချက်တွင် ဆက်လက် တိုက်တွန်းထားသည်။
ယခင်ရှမ်းပြည်နယ်၏ ပအို၀်းလက်နက်ကိုင် တော်လှန်ရေးတွင် အစဥ်အလာြကီးမားခဲ့သည့် ပအို၀်းအမျိုး သား လွတ်မြောက်ရေးအဖွဲ့(ပအလဖ)မှ PNA နှင့် PNLA ဟူ၍ ခွဲထွက်လာခဲ့ကြသည်။ ၁၉၇၆ တွင် ဦးအောင်ခမ်းထီ ဦးဆောင်၍ PNO/ PNA ကို ဖွဲ့စည်းခဲ့သလို ခွန်သူရိန် နှင့် ခွန်ဥက္ကာတို့ ဦးဆောင်၍ ပအို၀်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ကို ၂၀၀၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် တော်လှန်ရေးတွင် ခွန်သူရိန် ဦးဆောင်သည့် PNLO/PNLA က စစ်ကောင်စီကို ပါ၀င်တိုက်ခိုက်ပေးနေသည်။ ဦးအောင်ခမ်းထီ ဦးဆောင်သည့် PNO/ PNA ကလည်း စစ်ကောင်စီဘက်မှ ပါ၀င်၍ ပါ၀င်တိုက်ခိုက်ပေးနေပြီး စစ်တပ်၏ လက်နက်ခဲယမ်း အကူအညီကို ရယူ၍ တပ်ဖွဲ့၀င် အင်အားကိုလည်း တိုးချဲ့လာခဲ့ကြသည်။
ယခုနှစ်အတွင်း ရှမ်းပြည်နယ် ဆီဆိုင်မြို့တွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲများတွင် ပအို၀်း လက်နက် ကိုင် အချင်းချင်းအကြား တိုက်ခိုက်ခဲ့မှုဖြစ်ပွားခဲ့သည်။ PNLO/PNLA အဖွဲ့တွင်လည်း လက်ရှိ နိုင်ငံရေး အခင်းအကျင်း အပေါ် သဘောထားကွဲလွဲကာ ခွန်ဥက္ကာဦးဆောင်သည့် (PNLO/PNLA-NCA) ဟူ၍လည်း ယခုနှစ် အောက်တိုဘာလတွင် ပေါ်ပေါက်လာသေးသည်။
ထို့အတွက် စစ်အုပ်စု၏ ပအို၀်းလူမျိုးအချင်းချင်းအကြားအပြင် ပအို၀်းနှင့် အခြားသော တိုင်းရင်းသား လူမျိုး များအကြားလူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖန်တီး၍ သပ်လျှိုဖြိုခွဲနေသည့်အပေါ်တွင်လည်း မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်မူကို အခိုင်အမာကျင့်သုံးသွားမည်ဖြစ်ကြောင်းလည်း ပအို၀်း ပူးတွဲထုတ်ပြန်ချက်တွင် ဆိုထားသည်။
ဆက်လက်၍ PNFC နှင့် PNLO/ PNLA တို့အနေဖြင့် စစ်ရေး၊ နိုင်ငံရေး နှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းစဥ်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆိုသည်။ တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့်လည်း စစ်အုပ်စုနှင့် အပေါင်းအပါများ ဖန်တီးထားသည့် လူထုဆန့်ကျင်ရေး ထောင်ချောက်များအတွင်းသို့ မကျရောက်စေရန် သတိထားကြရန်လည်း PNFC နှင့် PNLO/ PNLA တို့က သတိပေးထားသည်။
(၁၉၄၉) ဒီဇင်ဘာ ၁၁ ရက်နေ့က စတင်ခဲ့သော ပအို၀်းတိုင်းရင်းသားများ၏ ပဒေသရာဇ်စနစ်ဆိုး ဆန့်ကျင် တော်လှန်ရေးနေ့သည် ၁၉၅၈ ခုနှစ်တွင် အောင်မြင်စွာတော်လှန်နိုင်ခဲ့သော်လည်း ခေတ်အဆက် ဖြစ်ပေါ်ခဲ့သည့် စစ်အာဏာသိမ်းများမှ စစ်အာဏာရှင်စနစ်ဆိုးကို ဆက်လက် တော်လှန်နေသည်မှာ ယနေ့တွင် (၇၅) နှစ်မြောက်ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ခွန်မြင့်ထွန်းဦးဆောင်သည့် ပအို၀်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC၊ ခွန်သူရိန်ဦးဆောင် သည့် (PNLO/PNLA) အဖွဲ့များက စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေသည်။ တစ်ဖက်တွင်လည်း ခွန်ဥက္ကာ ဦးဆောင်သည့် (PNLO/PNLA-NCA) နှင့် ဦးအောင်ခမ်းထီ ဦးဆောင်သည့် ပအို၀်းပြည်သူ့စစ်(PNO/PNA)အဖွဲ့ဟူ၍ ပအို၀်းအမျိုးသားအချင်းချင်းကြား သဘောထားကွဲလွဲနေလျက်ရှိသည်။