Home သတင်း သံမဏိစိုးလင်းဦး လက်ဝှေ့ပြန်ကစားရန် ဆရာဝန်ထောက်ခံချက်လိုအပ်

သံမဏိစိုးလင်းဦး လက်ဝှေ့ပြန်ကစားရန် ဆရာဝန်ထောက်ခံချက်လိုအပ်

974
Photo: Soe Lin Oo

ဒီဇင်ဘာလ ၄၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပရော်ဖက်ရှင်နယ် ကရင်ရိုးရာ လက်ဝှေ့ အားကစားသမား သံမဏိစိုးလင်းဦးကို One Championship ဘက်က ဆရာဝန်ထောက်ခံချက်ရရှိမှသာ လက်ဝှေ့ပြန်ထိုးခွင့် ပြုသွားမည်ဟု ပြောဆိုထားကြောင်း ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ဝှေ့အားကစား ပရိသတ်များက သံမဏိစိုးလင်းဦးဟု အမည်ပေးထားသည့် စိုးလင်းဦးသည် နိုဝင်ဘာ ၃၀ ရက်နေ့တွင် မြဝတီမြို့နယ်၊ ကျောက်ခက်ရွာ၌ ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး မဲဆောက်ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူခဲ့ပြီးနောက် ဒီဇင်ဘာ ၃ ရက်နေ့တွင် ဆေးရုံဆင်းခွင့် ရရှိခဲ့သည်။ ထို့အတွက် လက်ဝှေ့ပြန်ကစား နိုင်တော့မည်ဟု ၎င်းက ယခုလိုပြောသည်။

“ထိတာ များများစားစား မရှိဘူးဆိုတော့ ကျနော် ပြန်ကစားနိုင်တယ်။ ဒါပေမယ့် One Championship ဘက်က ပြောတာကတော့ ဆရာဝန်ထောက်ခံချက် စာရွက်တော့လိုတယ်။ ဆရာဝန်ထောက်ခံချက်ပေးမှ ပေးကစားမယ်။ မပါရင်တော့ ပေးကစားလို့မရဘူးပေါ့။ ကျနော် အကုန်သက်သာရင် အရိုးတွေဘာတွေဘာမှမထိဘူး ကစားနိုင် တယ်ဆိုပြီး ဆရာဝန်ထောက်ခံချက်စာရွက် ရရင်တော့ ဝင်ကစားလို့ရပြီး” ဟု သံမဏိစိုးလင်းဦးက ပြောသည်။

ထို့ပြင် ဆေးရုံ၌ ဓာတ်မှန်ရိုက်ထားသည့် အဖြေအရ ထိခိုက်မှုကြီးကြီးမားမား မတွေ့ရှိရသလို ခါးရိုး အနည်းငယ် ထိခိုက်မှုရှိသော်လည်း ပြန်သက်သာပြီး ဖြစ်သည်ဟု စိုးလင်းဦးကပြောသည်။ သို့သော် ဆေးရုံကလက်ဝှေ့ထိုးရန် ဆရာဝန်ထောက်ခံချက် မပေးသည့်အတွက် မြဝတီဘက်ခြမ်းတွင် ဆရာဝန်ထောက်ခံချက် ပြန်ယူမည်ဟု ၎င်းက ဆက်ပြောသည်။

သူသည် လာမည့် ၂၀၂၅ ဇန်နဝါရီ ၂၄ ရက်နေ့တွင် ONE 170 ပွဲစဉ်တွင် ထိုင်းနိုင်ငံသား စက်ဆွမ်း (SEKSAN)နှင့် ယှဉ်ပြိုင်ထိုးသွားမည် ဖြစ်ပြီး ယခုလို ဆေးရုံတက်ရသည့်အတွက် ပြိုင်ဘက်ဖြစ်သူက ဆုတောင်းအားပေးစကား ပြောဆိုခဲ့သည်ဟု စိုးလင်းဦးက ပြောသည်။