Home သတင်း ထားဝယ်ဘုရားမဲတောင် စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲဆက်ဖြစ် ဒေသခံများ ပိတ်မိနေ

ထားဝယ်ဘုရားမဲတောင် စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲဆက်ဖြစ် ဒေသခံများ ပိတ်မိနေ

567
Photo: Social Media

ဒီဇင်ဘာ ၄၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရန်ကုန်-ထားဝယ်အဝေးပြေးလမ်းမကြီးပေါ်ရှိ ဘုရားမဲတောင်စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် မောင်မယ်ရှောင် ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နှစ်ခုကို ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဒေသတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တိုက်ပွဲအခြေနေကိုတော့ အသေးစိတ်မသိရသေးပါဘူး။ စစ်တပ်ဘက်ကတော့ သေဆုံးမှုတွေ ရှိနေပါတယ်။ လက်ရှိမှာတော့ စစ်ရေးတင်းမာနေတဲ့ အခြေနေမှာရှိတယ်။ အဲ့ဒီဂိတ်စခန်းနှစ်ခုက မကြာခဏ တိုက်ခိုက်ခံရတဲ့ နေရာ ဖြစ်တယ်။ စစ်တပ်ဘက်ကလည်း အင်အားဖြည့်တင်းမှု လုပ်ဆောင်နေတာတွေ ရှိပါတယ်” ဟု ၎င်းက ဒီဇင်ဘာ ၃ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ယခုလို တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ရန်ကုန်-ထားဝယ်ကားလမ်းတစ်လျှောက် ခရီးသည်နှင့် ကုန်တင် ယာဉ်များ ပိတ်မိနေပြီး စစ်ကောင်စီက ထားဝယ်မြို့အဝင်ဂိတ် ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ပြီး မွန်းလွဲပိုင်း တွင် ပြန်ဖွင့်ပေးခဲ့သည်ဟု တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီဂိတ်စခန်းနှစ်ခု၌ တိုက်ပွဲဖြစ်နေချိန်အတွင်း ထားဝယ်ဘက်မှ တပ်အင်အားဖြည့်တင်းရန် စစ်ကူလာသည့် စစ်ကောင်စီတပ်သားများကိုလည်း ဒေသအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်များမှ ဇဟာကျေး ရွာ အနီးတွင် ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“မောင်မယ်ရှောင်ရွာမှာတော့ ဒေသခံတွေမရှိတော့ဘူး။ ဘာလို့လည်းဆိုတော့ တစ်ခုခုဆို စစ်တပ်ကရွာဘက်ကို လက်နက်ကြီးနဲ့ဘဲပစ်တော့ ရွာလုံးကျွတ်စစ်ဘေးရှောင်ကုန်ပြီး အိမ်တွေကိုပစ်ပြီးတော့။ လမ်းသွား လမ်းလာတွေ ပိတ်မိနေတာမျိုးတော့ရှိတယ်” ဟု ဒေသခံတဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မောင်မယ်ရှောင်ကျေးရွာသည် ထားဝယ်မြို့နှင့် (၇)မိုင်ခန့်သာကွာဝေးပြီး ရန်ကုန်-ထားဝယ် ကားလမ်း မပေါ်တွင်တည်ရှိကာ အိမ်ထောင်စုပေါင်း ၉၀၀ နီးပါးအထိရှိပြီး ယခုလဆန်းပိုင်းကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နေအိမ်အလုံး ၁၀၀ ကျော်ကို ဖောက်ထွင်းယူဆောင်မှုများ ပြုလုပ်ခဲ့သေးသည်။

ယခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့် နေရာများသည် စစ်ကောင်စီယာဥ်တန်းများ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံနေရသည့် နေရာအများစု ဖြစ်ကြောင်း ထားဝယ်ဒေသခံများထံမှ သိရသည်။