Home သတင်း ထိုင်းတွင် မြန်မာအပါအဝင် တရားမဝင်နေထိုင်သူများ တစ်လ နေထိုင်ခွင့်ပြုမည်

ထိုင်းတွင် မြန်မာအပါအဝင် တရားမဝင်နေထိုင်သူများ တစ်လ နေထိုင်ခွင့်ပြုမည်

910

ဒီဇင်ဘာလ ၃၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံတွင် မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှ တရားမဝင် ဝင်ရောက်လာ သူများကို ဒီဇင်ဘာလ တစ်လလုံး အထောက်အထားမလိုဘဲ နိုင်ငံအတွင်း နေထိုင်ခွင့်ပြုမည်ဟု ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

အဆိုပါ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို နိုဝင်ဘာ ၂၈ ရက်မှစတင်၍ ဒီဇင်ဘာ ၃၀ ရက်အထိ နေထိုင်ခွင့်ပြုသည့်သည့် အကြောင်းကို ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်ထန် ရှင်နာဝပ်နှင့်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဝန်ကြီး အနုထင် ချန်ဝီလကွန်တို့က လက်မှတ်ထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုလိုနေထိုင်ခွင့်ပြုထားသော်လည်း အလုပ်လုပ်ကိုင်ခွင့်မပြုသေးကြောင်းနှင့် အသစ်၀င်ရောက်လာသူ တရားမ၀င်နေထိုင်သူများအပြင် နိုင်ငံအတွင်းသို့ တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် သက်တမ်း ကုန်လွန်သူအထောက်အထားမဲ့များအတွက်လည်း အကြုံးဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါ ရှိသည်။

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက “သွားရလာရတာ အဆင်ပြေသွားတာပေါ့။ ကိုယ့်နေရာက အစစ်အဆေးများတော့ လမ်းထိပ်ထွက်ရင်တောင် ထိုင်းပုလိပ်တွေ သတိထားရတယ်။ အခုလို ခွင့်ပြုပေးလိုက်တော့ ဒီကြားထဲ အလုပ်ရှာဖို့ ကြိုတင်ပြင်ဆင်တာတွေရယ် နောက်ဘတ်ရိုက်ဖို့ ကိစ္စတွေ ပြင်ဆင်ဖို့ ပွဲစားတွေနဲ့ ချိတ်ဆက်သွားလာဖို့ရယ် အဆင်ပြေသွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းထုတ်ပြန်ချက်တွင် အထောက်အထားမဲ့သူများကို စစ်ဆေးမှုများသာ လုပ်ဆောင်ခွင့်ရှိပြီး ဖမ်းဆီး လုပ်ဆောင်မှု ပြုလုပ်ခွင့်မရှိကြောင်း ဒီဇင်ဘာလကုန်အထိ ဖြေလျှော့ပေးပြီး နေထိုင်ခွင့်ရှိ သော်လည်း အလုပ်လုပ်ကိုင်ခွင့်အတွက် ခွင့်မပြုသေးကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကူညီ ဆောင်ရွက်ပေးနေ စူရပ်ချိုင်းမင်းထွန်းက ၄င်း၏ လူမှုစာမျက်နှာကတစ်ဆင့် သတိပေး ပြောဆိုထားသည်၊၊

“ပြောချင်တာက လောဆယ် ဘာမှ လုပ်လို့မရသေးဘူး။ ဘတ်စာရင်းတင်ဖို့တွေ သက်တမ်ကုန်တဲ့သူတွေ စာရွက်စာတမ်းတိုးရမယ့် သူတွေ လူသစ်တွေအတွက်ရော စာရင်းတင်လို့မရသေးဘူး။ စာရင်း တင်လို့ရ တာနဲ့ သူတို့ကြေညာပေးမယ်။ ၁၂ လပိုင်းအထိကို လွတ်လွတ်လပ်လပ် နေထိုင်ခွင့် ရသွားပြီ။ ဒါပေမယ့် အလုပ်လုပ်လို့ မရသေးဘူး” ဟု နို၀င်ဘာ ၂၉ရက်နေ့က ပြောဆိုထားသည်။

ထို့အပြင် အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ကုန်နေသူများအတွက် သက် တမ်းတိုးရန် လုပ်ဆောင်ရမည့်အဆင့်များကို လူမှုကွန်ယက် စာမျက်နှာမှတဆင့် ကြေညာထားပြီး

ဒီဇင်ဘာလမတိုင်ခင်တွင် တရားမ၀င်အလုပ်သမားသစ်များအတွက် အထောက်အထား လုပ်ဆောင်မည်ဟု ဆိုထားသော်လည်း နာမည်စာရင်း တင်သွင်း ရမည့် ရက်အတိအကျကိုမူ ထုတ်ပြန်လာခြင်းမရှိသေးကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်သောနည်းလမ်းဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ လူဦးရေသည် ၄ သန်းဝန်းကျင်ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက် နေသူများက ခန့်မှန်းပြောဆိုကြသည်။