Home သတင်း တနင်္သာရီတွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးနေ၍ ကုန်တင်ယာဉ်တစ်ချို့ ပြေးဆွဲမှုရပ်နား

တနင်္သာရီတွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးနေ၍ ကုန်တင်ယာဉ်တစ်ချို့ ပြေးဆွဲမှုရပ်နား

692
Photo: CJ (ပုံဟောင်း)

ဒီဇင်ဘာ ၉ ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များ၌ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးစစ်ဆေးမှုများ ပိုမို လုပ်ဆောင်လာခြင်းကြောင့် လိုင်စင်မဲ့ ကုန်တင်ယာဉ်အများစု ကုန်သယ်ယူပို့ဆောင်မှုရပ်နားထား သည်ဟု ကုန်တင်ယာဉ်မောင်းများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းမှစ၍ မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ကားလမ်းမတစ်လျှောက်ရှိ စစ်ကောင်စီ စစ်ဆေး ရေး ဂိတ်များ၌ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုများ လုပ်ဆောင်လာသည်ဟု အဆိုပါလမ်းပိုင်တွင် ကုန်တင်ယာဉ် မောင်းနေသူ တစ်ဦးက ယခုလိုပြောသည်။

“အရင်ကတော့ မှတ်ပုံတင်တွေရယ်၊ ထောက်ခံစာတွေရယ် ဒါတွေကို အဓိကစစ်တယ်။ အခုနောက်ပိုင်းမှ အဲ့တာ တွေထက် လိုင်စင်မဲ့ယာဉ်တွေကို စစ်ပြီးဖမ်းတာတွေကို လုပ်လာတယ်။ လိုင်စင်မရှိတဲ့ ကုန်တင်ကားတွေကတော့ အခြေနေစောင့်ကြည့်ပြီး ကုန်တင်ကားမောင်းတာတွေကိုရပ်ထားရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါလမ်းပိုင်းတွင် ယခင်က ခရီးသည်များ၏ မှတ်ပုံတင်၊ ခရီးသွားထောက်ခံစားများကိုသာ တောင်းယူ စစ်ဆေး လေ့ရှိပြီး ယခုနောက်ပိုင်း လိုင်စင်မဲ့ယာဉ်စစ်ဆေး ဖမ်းဆီးမှုအပြင် ဖမ်းဆီးကာ ငွေတောင်းခံမှု များကိုလည်း လုပ်ဆောင်လျက်ရှိသည်ဟု အခြားဒေသခံ ယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

“ဒီလိုဖမ်းတာမျိုးတော့ မကြားဖူးဘူး။ သူတို့ကန့်သတ်ထားတဲ့ ပစ္စည်းတွေတင်မိရင်လည်း တောင်းတဲ့ငွေကို ပေးရ တယ်။ လိုင်စင်မဲ့ဆိုင်ကယ်တွေရော အကုန်ပါတယ်ဆိုတော့ အသွားအလာနည်းသွားတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ကုန်တင်ကားမောင်းလုပ်ငန်းတစ်ချို့ ရပ်နားလိုက်သောကြောင့် တနင်္သာရီမြို့ပေါ်တွင် ကုန်ဈေးနှုန်းကြီးမြှင့်လာရာ ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးအပတ်တွင် ပုဇွန်တံဆိပ် စားအုန်းဆီတစ်လီတာတစ်ဘူးလျှင် ၆,၀၀၀ ကျပ်ဝန်းကျင် ရှိနေရာမှ လက်ရှိအချိန်တွင် ၁၀,၀၀၀ ကျပ်ဝန်းကျင်၊ ဆန်ကြမ်း တစ်အိတ်လျှင် ၉၀,၀၀၀ ကျပ်ဝန်းကျင်ရှိရာမှ ၁၁၀,၀၀၀ ကျပ်အထိ ဈေးတက်လာကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ ထံမှသိရသည်။

ထို့အပြင် တနင်္သာရီမြို့ပေါ်မှ ကျေးရွာများဘက်သို့ စားသောက်ကုန်၊ ရိက္ခာသယ်ယူမှုများအပေါ် စစ်ကောင်စီက ကန့်သတ်ထားသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။