Home တွေ့ဆုံမေးမြန်းခန်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ မူဝါဒရေးရာ ဦးဆောင်မှုအဖွဲ့ဝင် နာဗစ်ဘွန်နှင့် မေးမြန်းခြင်း

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ မူဝါဒရေးရာ ဦးဆောင်မှုအဖွဲ့ဝင် နာဗစ်ဘွန်နှင့် မေးမြန်းခြင်း

162
Photo: WLB

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ မူဝါဒရေးရာ ဦးဆောင်မှုအဖွဲ့ဝင် နာဗစ်ဘွန်နှင့် မေးမြန်းခြင်း

———-
“ခေါင်းဆောင်နေရာမှာ လက်တွဲခေါ်မယ့်သူမရှိခဲ့ဘူး” – နာဗစ်ဘွန်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့ထိ ပြုလုပ်ခဲ့မှုအခြေအနေများ၊ အမျိုးသမီးများအဖွဲ့ချုပ် – WLB (မြန်မာနိုင်ငံ) ၏ တည် ထောင်ခြင်း ၂၅ နှစ်ပြည့်ခဲ့ပြီးဖြစ်ရာ ထိုကာလအတွင်း အဖွဲ့ချုပ်က အမျိုးသမီးအရေး ၊ ကျားမ တန်းတူရေး လုပ်ဆောင်နိုင်ခဲ့မှု စသည်တို့ကို WLB ၏ မူဝါဒရေးရာ ဦးဆောင်မှုအဖွဲ့ဝင် နာဗစ်ဘွန်နှင့် ဆက်သွယ်မေးမြန်း ထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

မေး။ ။ အမျိုးသမီးများအပေါ် အကြမ်းဖတ်မှုပပျောက်ရေးနဲ့ ကျားမတန်းတူရေးအတွက် အခုနှစ်မှာ ဘာတွေ လုပ်ဆောင်ခဲ့လဲ ပြောပေးပါ။ ၁၆ ရက်တာ လှုပ်ရှားမှုကလည်း ပြီးဆုံးပြီးဆိုတော့။
ဖြေ။ ။ ၁၆ ရက်တာ လှုပ်ရှားမှုအပေါ်မှာတော့ ကျမတို့ မည်သည့် အကြောင်း ပြချက်မှ မရှိဆိုတဲ့အပြင် ကျမတို့ No Woman No Peace Together Peace Equality For All ဆိုတဲ့ဟာကိုလည်း ၁၆ ရက်တာလှုပ်ရှားမှုမှာ ပြောဆိုလာတာလည်း ဖြစ်သလို ဒီကနေ့ မှာလည်း ဒီဟာလေးတွေကို တချိန်တည်းမှာပဲ အမျိုးသမီးအဖွဲ့အစည်း အကုန်လုံးပေါ့နော် ကျမတို့တန်းတူအခွင့်အရေး ရရှိနိုင်ရေးအတွက် ဒီဟာလေးတွေကို လုပ်ဆောင်ပေးခဲ့ပါတယ်။

မေး။ ။ ဒီနှစ်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဆောင်ပုဒ် က “အကြောင်းပြချက် မရှိ” လို့ သိထားပါတယ်။ ဆောင်ပုဒ်အပေါ် ဘယ်လို မှတ်ချက်ပြုချင်လဲ။
ဖြေ။ ။ ကျမတို့က နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာ၂၅ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုကို လုပ်ဆောင်ပါတယ်။ ယခု ၂၀၂၄ ခုနှစ်မှာလည်း ကျမတို့ရဲ့ အဓိက ဆောင်ပုဒ်အနေနဲ့ “အကြောင်းပြချက်မရှိ” ဆိုတဲ့ဟာမျိုးကို ကျမတို့ ဆောင်ပုဒ်အနေနဲ့ထားပြီးတော့မှ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အခုဆိုရင်ကျမတို့ရဲ့အဖွဲ့ဝင် နယ်မြေအသီးသီးမှ အဖွဲ့အစည်း ဖြစ်ဖြစ် အဖွဲ့ချုပ် အနေနဲ့ပဲ ဖြစ်ဖြစ် ၁၆ ရက်တာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးမှ ကျမတို့လုပ်ဆောင်နေတဲ့ ဟာတွေရှိပါတယ်။

ဒီအကြောင်းပြချက်မရှိဆိုတဲ့အချိန်မှာဆိုရင်တော့ ကျမတို့က ဒီအမျိုးသမီးများအပေါ် အကြမ်းဖက်မှု မျိုးစုံပေါ့ နော်၊ ပြီးတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ပြီးတော့ စစ်တပ်ကနေ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုပေါ့နော် ဒီအမျိုးသမီးများအပေါ် အကြမ်းဖက်မှု အားလုံးပါဝင်ပါတယ်။ အဲ့လိုမျိုးနဲ့ ပတ်သက်ပြီးမှ ကျူးလွန်ခဲ့တဲ့ သူမှန်သမျှကို ကျမတို့က မည်သည့်အကြောင်းပြချက်မှ မလိုလားဘူး။

ဆိုတော့ ဒီအကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် အကြမ်းဖက်မှု လုပ်ဆောင်ခဲ့တဲ့သူတွေကလည်း ဒီချိုးဖောက်မှု အပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့ ပြီးတော့ တကယ့်တာဝန် ရှိတဲ့သူတွေကလည်း တကယ့်တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ ကျမတို့ ပြောချင်တာဖြစ်ပါတယ်။ ပြီးတော့ တာဝန်ယူမှုတာဝန်ခံမှုပဲဖြစ်ဖြစ် ၊ အမှန် တရားနဲ့တရားမျှတမှု ရှာဖွေတဲ့နေရာမှာဘဲဖြစ်ဖြစ် ကျူးလွန်ချိုးဖောက်တယ်ဆိုရင်တော့အကြောင်းပြချက်မရှိ တာဝန်ယူမှုတာဝန်ခံမှုကိုအပြည့်အဝ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ အခု WLB က ၂၅ နှစ်ပြည့်ခဲ့ပြီးပေါ့နော်၊ သတိထားမိတာ ၂၀၁၀ နောက်ပိုင်း အခု အာဏာသိမ်း ဖြစ်စဉ် မဖြစ်ပေါ်ခင်ထိ ပြည်တွင်းမှာ အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ အဲ့တုန်းက လုပ်ဆောင်မှုတွေအပေါ် အားရကျေနပ်မှု ဘယ်လိုရှိလဲ။ တခြားစိန်ခေါ်ချက် အတားအဆီးတွေရော ရှိခဲ့လား။
ဖြေ။ ။ ကျမတို့အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကတော့ ၂၅ နှစ် ပြည့်ခဲ့ပြီးပေါ့နော်၊ ဆိုတော့ ၂၀၁၀ ပြည့် နှစ် နောက်ပိုင်းမှာဆိုရင်တော့ ပြည်တွင်းမှာ ပြည်သူလူထုနဲ့ တိုက်ရိုက် ချိတ်ဆက်ပြီးတော့မှ အမျိုးသမီးလှုပ်ရှားမှုတွေ အများကြီး ကျမတို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပြီးတော့ ဒီမြန်မာပြည်အတွင်းမှာရှိတဲ့ အမျိုးသမီးအစုအဖွဲ့ တွေပေါ့နော်၊ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့လည်း ကျမတို့အများကြီး ပူးပေါင်းပြီးတော့မှ လုပ်ဆောင်ခဲ့တယ်။

ပြီးတော့ အမျိုးသမီးလွှတ်တော်အမတ်တွေပေါ့နော် နိုင်ငံရေးပါတီတွေထဲမှာ အမျိုးသမီးတွေများများ ပေါ်ထွန်း လာဖို့အတွက် ကျမတို့ WLB အနေနဲ့ နည်းပညာအရ ပံ့ပိုးတဲ့ဟာလည်းရှိသလို ဝန်ဆောင်မှုတွေလည်း အများကြီး ပြုလုပ်နိုင်ခဲ့ပါတယ်။ အထဲမှာရှိတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေကို အားကောင်းကောင်းနဲ့ စုစည်းနိုင်ခဲ့တယ်။ ကျမတို့ရဲ့လှုပ်ရှားဆောင်ရွတ်မှုအပေါ်မှာတော့ အားရကျေနပ်မှု အများကြီး ရှိပါတယ်။

မေး။ ။ နောက်တစ်ခုက WLB က ပြည်တွင်းမှာ ငြိမ်းချမ်းရေးညီလာခံတက်ရောက်ခဲ့ဖူးတာ စသဖြင့် နိုင်ငံရေး ကဏ္ဍတွေမှာ ပါဝင်ခဲ့တာတွေ့ရ ပါတယ်။ ရလဒ်အနေနဲ့ ထုတ်ပြောနိုင်တာတွေကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ ကျမတို့ မြန်မာနိုင်ငံမှာဆိုရင်တော့ ဖိုဝါဒကြီးစိုးတဲ့ အောက်မှာ ကျမတို့ ကြီးပြင်းလာရတယ်။ တချိန် တည်းမှာပဲ ကျမတို့က အာဏာရှင်စနစ်အောက်မှာ ကြီးပြင်းလာရတယ်ဆိုတော့ အမျိုးသမီးတွေ တော်တော်များ များက ပညာရေးမှာပဲဖြစ်ဖြစ် ဘက်ပေါင်းစုံမှာပဲဖြစ်ဖြစ် အခွင့်အလမ်းရယူမှုက အားနည်းခဲ့တယ်။ ဆိုတော့ အဲ့ဒီအ တွက်ကြောင့် အမျိုးသမီးတွေကနိုင်ငံရေးမှာ ပါဝင်ဖို့အတွက် ကျမတို့တွန်းအားပေး တဲ့နေရာမှာ အခက်အခဲ အတားအဆီးတွေ အများကြီးရှိပါတယ်။

တစ်ချို့အမျိုးသားနိုင်ငံရေး ပါတီထဲမှာဆိုရင် အမျိုးသမီးတွေကို ခေါင်းဆောင် နေရာမပေးခြင်တဲ့ဟာတွေပေါ့နော် တစ်ချို့ဆိုရင်လည်း ဒီခေါင်းဆောင်နေရာမှာ လက်တွဲခေါ်မဲ့သူမရှိခဲ့ဘူး။ မြန်မာပြည်တွင်းမှာ လှုပ်ရှားခဲ့တဲ့ ၁၀ နှစ် တာ ကာလအတွင်းမှာ ကျမတို့ အများကြီးစည်းရုံးလုပ်ဆောင်မှုတွေ အများကြီးရှိခဲ့တယ်။ ရလဒ်အနေနဲ့ ကတော့ အောင်မြင်မှုတွေလည်း အတိုင်းအတာတစ်ခုထိ ရှိခဲ့ပါတယ်။

မေး ။ ။ နောက်ဆုံးတစ်ခုအနေနဲ့ WLB ရဲ့ ရှေ့လုပ်ငန်းစဉ်အချို့ကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ ကျမတို့အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံဟာ စစချင်းမှာဆိုရင်တော့ အမျိုးသမီးအခွင့်အရေး ပြီးတော့ ကျား၊ မတန်းတူအခွင့်အရေး ဆိုပြီးတော့မှ ကျမတို့ တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့တာတွေလည်း ရှိပါတယ်။ အခုနောက်ပိုင်းမှာ ကျမတို့အမျိုးသမီးလှုပ်ရှားမှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာတာရှိပါတယ်။ ကျမတို့ အမျိုးသမီးအခွင့်အရေး ကျားမတန်းတူအခွင့်အရေး ဆိုတဲ့အပြင် ကျမတို့ Gender ပြောတဲ့အထဲမှာ LGBTQA + ၊ တခြားမသန်စွမ်း အုပ်စုတွေရဲ့ အခွင့်အရေးတွေကိုလည်း ကျမတို့ ကျယ်ကျယ်ပြန့်ပြန့် အသံထွက် လာတဲ့ ဟာတွေလည်း ရှိပါတယ်လို့ ပြောချင်ပါတယ်။