Home သတင်း မြန်မာ့စီးပွားရေး အနုတ်တစ်ရာခိုင်နှုန်းထိ ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်

မြန်မာ့စီးပွားရေး အနုတ်တစ်ရာခိုင်နှုန်းထိ ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်

160
Photo: World Bank Myanmar

ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံ၏ စီးပွားရေးသည် လာမည့် ၂၀၂၅ ခုနှစ်၊ မတ်လကုန်အချိန်ထိ အနုတ်တစ်ရာခိုင်နှုန်းထိ ကျဆင်းသွား မည်ဟု ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ကုန်ကြမ်းပြတ်လပ်မှု၊ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတို့ကြောင့် ပြည်တွင်း ဝယ်လိုအားနည်းနေမှုတို့ကြောင့် စိုက်ပျိုးရေး၊ ကုန်စည်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် တိုးတက်မှုမရှိဘဲ ဆက်လက်ကျဆင်းနေမည်ဟု သုံးသပ်ဖော်ပြထားသည်။

နိုင်ငံအတွင်းရှိ မြို့နယ် စုစုပေါင်း၏ ထက်ဝက်ကျော်တွင် ပဋိပက္ခများနှင့် ရင်ဆိုင်နေရပြီး ကုန်စည် ထုတ်လုပ်ရန် ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးနှင့် နယ်စပ်ကုန်စည်ကူးသန်းရောင်းဝယ်ရေးအပေါ် ဆက်လက် အကျိုး သက်ရောက်နေကြောင်း၊ ၎င်းအပြင် ရာဂီမုန်းတိုင်းကြောင့် ရေကြီးပြီး စိုက်ခင်းများ ပျက်စီးကာ အကျိုး ဆက်အနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်၍ စားနပ်ရိက္ခာ ပြတ်လပ်မှုများ အခြေအနေဆိုးရွားလာခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ပြောသည်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ်မှာ လတ်တလောရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေး၊ ပဋိပက္ခအခြေအနေတွေ က ကြီးကြီးမားမားသက်ရောက်မှု ဖြစ်ပေါ်ခဲ့တာကြောင့် အိမ်ထောင်စုတွေက ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်နဲ့ လုပ်သားဈေးကွက် အားနည်းမှုဒဏ်တွေကို ခါးစည်းခံနေရတယ်။ ထိခိုက်လွယ်မှု အရှိဆုံးဖြစ်တဲ့ ပြည်သူတွေရဲ့ ဘဝတွေ၊ အလုပ်အကိုင်တွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအရေးတကြီးနဲ့ လျင်လျင်မြန်မြန်ပံ့ပိုးဆောင် ရွက်ပေးရပါမယ်” ဟု ကမ္ဘာ့ဘဏ်၏ ထိုင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မာလင်ဒါဂွတ်ဒ်က ပြောသည်။

လက်ရှိ ပြည်တွင်း၌ လျှပ်စစ်မီးအလွန်ပြတ်တောက်ခြင်း၊ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်နေခြင်း အပါအဝင် အထွေထွေကုန်ဈေးနှုန်း ကြီးမြှင့်မှုများ ဖြစ်ပေါ်နေသည်ဟု ပြည်တွင်းရှိ အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

“မီးလည်ပျက်တယ်။ အကုန်ဈေးတက်တယ်။ ဓါတ်ဆီ တစ်လီတာကို ၃,၁၀၀ ဖြစ်နေပြီ၊ အားလုံးခက်ခဲနေတယ်” ဟု အိမ်ရှင်မတစ်ဦးက ပြောသည်။

ထို့အပြင် ရွှေ့ပြောင်းလုပ်သားများသည်လည်း အကြပ်အတည်းကို ဖြေရှင်းရာတွင် အရေးပါသည့်နည်းလမ်းတစ်ခု ဖြစ်သည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနှင့် မလေးရှား နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ခြင်းသည် ပြည်တွင်းထက် ဝင်ငွေ နှစ်ဆ၊ သုံးဆ ပိုရသလို ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ပါက ၁၀ ဆကျော်ဝင်ငွေပိုရသည်ဟု ကမ္ဘာ့ဘဏ်က ပြောသည်။

ဆက်လက်၍ ရွှေ့ပြောင်း အလုပ်သမားများသည် ပြည်တွင်းသို့ ငွေများ ပြန်ပို့နိုင်သလို မြန်မာတွင် အိမ်ထောင်စု ၇.၅ ရာခိုင်နှုန်းသည် ထိုပြန်ပို့ငွေများက အဓိက ဝင်ငွေရလမ်းဖြစ်နေသည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုလို ရွှေ့ပြောင်းအလုပ်သမားများ ပြည်ပထွက်အလုပ်လုပ်ကိုင်ခြင်းသည် ပြည်တွင်း၌ စီးပွားရေး မရေရာမှုများ၊ စစ်မှုထမ်းဥပဒေနှင့် ပဋိပက္ခများကြောင့် ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ် ဦးဆောင်သူနှင့် အကြီးတန်းစီးပွားရေး ပညာရှင် ကင်မ် အယ်လ်လန်အဒ်ဝပ်က မှတ်ချက်ပြု ပြောသည်။

၎င်းက “ လက်တလော ပြည်ပကို ရွှေ့ပြောင်းအလုပ်လုပ်သူတွေက တရားဝင်မဟုတ်တဲ့ အန္တရာယ်များတဲ့ လမ်းတွေကနေ သွားနေကြတာရှိတယ်။ ဒီလိုလုပ်ဆောင်နေတာက အလုပ်သမားတွေအတွက် အန္တရာယ် များသလို ငွေကုန်တာ လည်းများတယ်။ တရားဝင်လမ်းကြောင်းကနေ သွားနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးဖို့လိုတယ်။ ဒါမှ အလုပ်သမား လက်ခံတဲ့ တိုင်းပြည်ရော အလုပ်သမားတွေနဲ့ သူ့တို့ရဲ့ မိသားစုတွေ အကျိုးအမြတ်အမြင့်ဆုံး ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကမ္ဘာ့ဘဏ်က ယခုထုတ်ပြန်သည့် အစီရင်ခံစာအရ လာမည့် ၂၀၂၅ ခုနှစ်၊ မတ်လကုန်တွင် မြန်မာ့စီးပွားရေး အနုတ် တစ်ရာခိုင်နှုန်းအထိကျဆင်းမည်ဟု ခန့်မှန်းထားပြီး ယခင် ၆ လက ခန့်မှန်းချက်ထက် ပိုလျော့သည့် စီးပွားရေး တိုးနှုန်းဖြစ်သည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြထားသည်။