ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ဖားအံမြို့နယ်၊ ခလောက်နို့လှိုင်ဝါးရွာနေ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာလ (၈)ရက်နေ့တွင် ဇာတ်ပွဲမှအပြန် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်- BGF ပူးပေါင်းဂိတ်၌ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
သေဆုံးသူ လူငယ်မှာ ထိုနေ့ ညဘက် (၁၂) နာရီဝန်းကျင်က တခြားရွာတွင် ဇာတ်ပွဲကြည့်ပြီးအပြန် စံဖရီးရွာနေ ချစ်သူမိန်းကလေးအား ပြန်ပို့ရန် စစ်ကောင်စီနှင့် BGF တို့၏ မြိုင်သာယာဟု ခေါ်သော ပူးပေါင်းဂိတ်အရောက်တွင် ၎င်းတို့စီးနှင်းလာသော မော်တော်ဆိုင်ကယ်အား စစ်ဆေးရန် မရပ်တန့် ပေးသဖြင့် ပစ်ခတ်ခံရပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သည့် ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။
“သူတို့ပွဲသွားပြီး အပြန်လမ်းမှာ ဖြစ်တာ။ ဆိုင်ကယ်ကို ကောင်မလေးမောင်းပြီး သူက နောက်ကနေ လိုက်စီးတယ်။ စစ်ဆေးဂိတ်နားရောက်တော့ ကျန်တဲ့သူငယ်ချင်းတွေက စစ်ဆေးခံတယ်။ သူတို့ တစ်စီးက အစစ်ဆေးမခံဘဲ မောင်းထွက်သွားလို့ ဟိုကပစ်လိုက်တာ” ဟု ၎င်းရွာခံအမျိုးသမီးက ပြောသည်။
အဆိုပါ လူငယ်မှာ သေနတ်ဒဏ်ရာအပြင် ဆိုင်ကယ်ပေါ် ပြုတ်ကျသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ထိုရွာခံအမျိုးသမီးက ဖြည့်စွက်ပြောသည်။
ထို့အပြင် ဖြစ်စဥ်ဖြစ်ပွားသည့် ညတွင်လည်း ဂိတ်စောင့်တပ်ဖွဲ့ဝင်ဘက်မှ သေနတ်အချက်ပေါင်း (၅) ချက်ထက်မနည်း ပစ်ခတ်ခဲ့သည့်အသံကို ကြားခဲ့ရသည်ဟုလည်း ဂိတ်အနီးဝန်းကျင် နေထိုင်သူ များ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ ပစ်ခတ်မှုတွင် စစ်ကောင်စီနှင့် BGF အဖွဲ့မှ မည်သည့် တပ်ရင်းဖြစ်ကြောင်းကို ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
လှာကမြင်ကွက်သစ်အနီးတွင် တည်ရှိသော မြိုင်သာယာဂိတ်သည် ထပ်တိုးတည်ဆောက်ထားသော ဂိတ်ဖြစ်ကာ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်များက ပူးပေါင်းဂိတ်ချထားခြင်းဖြစ်သည်။ ထိုဂိတ်ကို ဖြတ်သန်းသွားလာသည့် မော်တော်ယာဥ်များထံမှ ဂိတ်ကြေးငွေ ကောက်ယူသည့်အပြင် သွားလာ သည့်ဒေသခံများကို စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက “ကားထဲ ပါလာတဲ့ခရီးသည်တွေကို ဘယ်ကလာကြလဲ။ ဘယ် သွားကြမလဲ သေချာစစ်မေးတယ်။ မြဝတီတို့ သွားတဲ့ကားတွေဆိုလည်း အကြာကြီး ရပ်ပြီးစစ်တာတွေ လုပ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေချိန် ဖားအံမြို့နယ်ရှိ အချို့ကျေးရွာများတွင် ဘုရား ပွဲများ၊ ရဟန်းခံရှင်ပြုပွဲများ၊ တံတားဖွင့်ပွဲများကို စည်ကားရန်အတွက် ဇာတ်သဘင်ပွဲများ၊ စင်တင်တေးဂီများကို ငှားရမ်း၍ ထည့်သွင်း ကျင်းပလေ့ရှိသည်ဟု သိရသည်။