ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ် ရပ်ကွက်များတွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးပြတ်တောက်ခံရမှု ဆိုးရွားလာနေ၍ မြို့ပေါ် ရပ်ကွက်နေထိုင်သူများ အခက်တွေ့နေကြကြောင်း မြို့ခံများထံမှ သိရသည်။
ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ ဖားအံမြို့ပေါ်ရပ်ကွက်သို့ဖြန့်ဖြူးပေးသည့် ဓါတ်အားလိုင်းများကို စစ်ကောင်စီက ဖြတ်တောက်ထားပြီး ၎င်းတို့ စစ်ကောင်စီဌာနဆိုင်ရာရုံး၊ ဝန်ထမ်းအိမ်ယာနှင့် စစ်တပ်တပ်ဝင်း နေရာများကိုသာ လျှပ်စစ်မီးအသုံးပြုခွင့်ရနေသည့် အခြေအနေဖြစ်ကြောင်း ဖားအံမြို့ခံများက ပြောသည်။
ဖားအံမြို့၊ အမှတ် ၄ ရပ်ကွက်နေ ပြည်သူတစ်ဦးက “မီးလာရင် နာရီဝက်၊ တစ်နာရီ လောက်ပဲလာတယ်။ ပြီးရင် နေရာ ညရော ဖြတ်ခံထားရတယ်၊ တစ်မြို့လုံးပဲ။ လျှပ်စစ်နဲ့ ပတ်သက်တဲ့ ဖုန်းတောင် အားသွင်းဖို့ ခက်ကုန်ပြီ။ ရေတင်ဖို့၊ ထမင်းဟင်းချက်ဖို့ဆို လုံးဝမရတော့ဘူး။ သူတို့ စစ်တပ်နေရာတွေ၊ ဝန်ထမ်းအိမ်ယာတွေကတော့ မီးမပြတ်ဘူး။ ဘာကြောင့် ရပ်ကွက်တွေကို မီးဖြတ်လည်းဆိုတာမေးလို့ မရဘူးဖြစ်နေတယ်။ လျှပ်စစ်ရုံးက မဖြေဘူး”ဟု ပြောသည်။
ဖားအံမြို့ကို မော်လမြိုင်၊ ဇာသပြင်ဓါတ်အားလိုင်း၊ သထုံ၊ မြိုင်ကလေး၊ ဖားအံဓါတ်အားလိုင်းများမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။
ထိုသို့ ရပ်ကွက်များ မီးဖြတ်ထားပြီး ရပ်ကွက်အတွင်းနေထိုင်သူ လူငယ်များအား ညအချိန် ပေါ်တာဆွဲ စစ်မှုထမ်းသင်တန်းပို့ဆောင်ခံရမည်ကို ရပ်ကွက်နေထိုင်သူလူငယ်ရှိသည့် မိသားစုဝင်များအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြကြောင်းလည်း အဆိုပါ မြို့ခံက ဆက်ပြောသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ဖားအံမြိုရပ်ကွက် ၉ ခုနှင့် ကျေးရွာ ၅၀ ကျော်အား လျှပ်စစ်မီးဖြတ်တောက်ထားပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ ဟိုတည်၊ စားသောက်ဆိုင်နှင့် စက်ရုံ၊ အလုပ်ရုံများ မီးစက်များဖြင့် အသုံးပြု လည်ပတ်နေရကြောင်း ဒေသခံများက ပြောသည်။