ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံ၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နယ်မြေ၊ ဒွယ်လိုးမြို့နယ်ရှိ တောင်သုံးလုံးစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပူးပေါင်းတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁၁ ရက်နေ့တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး လက်နက်ကြီးများပါ သိမ်းဆည်းရမိသည်ဟု KNLA တာဝန်ရှိသူက အတည်ပြု ပြောသည်။
အဆိုပါ တောင်းသုံးလုံးစခန်းကို KNLA စစ်ဆင်ရေးမှူးနှစ်ဦးက စစ်နည်းဗျူဟာပိုင်း ကွပ်ကဲပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ၇ ရက်အတွင်း ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၅ နာရီတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်သည်ဟု KNLA တပ်မှူး တစ်ဦးက ယခုလို ပြောသည်။
“မနေ့က မနက် ၅ နာရီမှာ အပြီးသတ် ဝင်ရောက်ရှင်းလင်းနိုင်ခဲ့တယ်။ တောင်သုံးလုံးနဲ့ ဆင်စွယ်စခန်းကုန်းမှာက ရန်သူအင်အား ၂၀၀ ဝန်းကျင်လောက် ရှိတယ်။ စခန်းကုန်းတစ်ခုကို ၇ ရက်၊ ကျနော်ထင်တယ် တစ်ပတ်လောက် ပဲကြာတယ်” ဟု ထိုတပ်မှူးက ကေအိုင်စီသို့ ပြောသည်။
တောင်သုံးလုံးစခန်းသို့ဝင်ရောက်ရှင်းလင်းရာတွင် ၁၂၀ မမ တစ်လက်၊ ၈၁ မမ ၃ လက်၊ ၆၀ မမ ၂ လက်၊ ပွိုင့် ၅ စက်သေနတ် ၂ လက်၊ ငါးကြင်းမြှီး စက်သေနတ်လေး ၂ လက်၊ ဂျန်မာစက်ကြီး ၂ စုံ၊ မီးစက်အလတ် ၃ လုံး၊ မီးစက်အသေး ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းKNLA တပ်မှူးက ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့အပြင် တောင်သုံးလုံးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူး တစ်ဦး ဒဏ်ရာရရှိခဲ့ပြီးတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့ကာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ ၄ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)နှင့် Force for Federal Democracy-FFD အဖွဲ့တို့က စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ယခုလို အပြီးသတ်သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့ခြင်း ဖြစ်သည်။