Home Facts Checking News ဖာပွန်ဗျူဟာ လက်နက်ကြီးကုန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သတင်းမှားပျံ့နှံ့နေ

ဖာပွန်ဗျူဟာ လက်နက်ကြီးကုန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သတင်းမှားပျံ့နှံ့နေ

252

ဖာပွန်ဗျူဟာ လက်နက်ကြီးကုန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သတင်းမှားပျံ့နှံ့နေ

ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်းရှိ ဖာပွန်ဗျူဟာလက်နက်ကြီးကုန်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားကြောင်း ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ယနေ့သတင်းပျံ့နှံ့လျက်ရှိသည်။

ယင်း ဗွီဒီယိုဖိုင်ကို တော်လှန်ရေးနှင့်သက်ဆိုင်သည့် သတင်းများတင်ဆက်နေသော လှုမှုကွန်ရက်စာမျက်နှာ(ဖေ့ဘွတ်ခ်) ပေ့ချများအပါအဝင် ကိုယ်ပိုင်အကောင့်၃ ခုထက်မနည်းမှလည်း ဖြန့်ဝေထားကြပြီး ကြည့်ရှုသူ ရာနှင့်ချီရှိသည်။

ထိုဗွီဒီယိုဖိုင်နှင့်ပတ်သက်၍ ကရင်သတင်းဌာန-ကေအိုင်စီ၏အချက်အလက်စစ်ဆေးသည့် အဖွဲ့မှ စုံစမ်းစစ်ဆေးကြည့်ရာ ပြီးခဲ့သည့်ဧပြီလပိုင်းက ရိုက်ကူးထားသော ဗွီဒီယိုဖိုင်အဟောင်းဖြစ်ပြီး သတင်းအမှားဖြစ်ကြောင်း သိရသည်။

သတင်းအမှားဖြစ်ကြောင်း စိစစ်ချက်
ယင်း ဗွီဒီယိုဖိုင်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ဖာပွန်ဗျူဟာ လက်နက်ကြီးကုန်းပေါ်သို့ရောက်ရှိနေပြီး “ဖာပွန်ဗျူဟာလက်နက်ကြီးကုန်းပါ ဟောင်ဝှစ်ဇာပါ” ဟု ဆိုကာ ဗျူဟာကုန်းနေရာနှင့် ရှိနေသည်အဆောက်အဦးအပျက်အစီးပုံများ၊ လက်နက်များကို ရိုက်ကူးပြထားသလို တော်လှန်ရေးတပ်ဖွဲ့ဝင်များကိုပါ ထည့်သွင်းပြသထားသည်ကို တွေ့ရသည်။

ဗွီဒီယိုဖိုင်ကိုရိုက်ကူးသည့် နေရာသည် ဖာပွန်ဗျူဟာလက်နက်ကြီးကုန်းနေရာဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့မှ ပြီးခဲ့သည့်ဧပြီလပိုင်းက ဗျူဟာကုန်းပေါ်သို့ တက်ရောက်နိုင်ခဲ့စဥ် ရိုက်ကူးထားသည့် ဗွီဒီယိုဖြစ်ကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်က အတည်ပြုသည်။

“ဗျူဟာကုန်းကို ကျနော်တို့ရမလိုလိုဖြစ်နေတဲ့အချိန်မှာ ရိုက်ထားတဲ့ဗွီဒီယိုဆိုတာကတော့ မှန်ပါတယ်။ တစ်ခါတော့တက်လို့ရခဲ့တယ်။ စစ်ကောင်စီဘက်က လေယာဥ်နဲ့ပစ်တာကြောင့် ကျနော်တို့ပြန်ဆုတ်ခဲ့ရတယ်” ဟု တပ်မဟာ(၅) KNLA သတင်းအရင်းအမြစ်က ကေအိုင်စီသို့ပြောသည်။

၎င်းအပြင်ထို ဗွီဒီယိုဖိုင်အား ယုံကြည်စိတ်ချရသည့် သတင်းမီဒီယာအချို့မှ ဗွီဒီယိုပျံ့နှံ့နေကြောင်း၊ အတည်ပြုနေဆဲဖြစ်ကြောင်း သတင်းဖော်ပြထားကြပြီး ကြည့်ရှုသူမှာလည်း သောင်းချီရှိ၍ ပြန်၍ဝေမျှထားသူ ၁ ရာကျော်ရှိသည်။

ဖာပွန်ဗျူုဟာကုန်းကို KNLA ပူးပေါင်းတပ်က လက်ရှိတွင် သိမ်းပိုက်ရရှိထားနိုင်ခြင်းရှိမရှိ ခိုင်လုံသော တပ်မဟာ(၅) သတင်းအရင်းအမြစ်သို့ ကေအိုင်စီမှ ထပ်မံအတည်ပြုရာ တပ်မဟာ(၅)၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂီနွီးက ယခုလိုတုံ့ပြန်သည်။

၎င်းက “လက်နက်ကြီးကုန်းကို ပထမတစ်ခေါက်တက်တာ ဒီဧပြီလကတည်းက။ ဒါပေမဲ့သိပ်မကြာသေးဘူး။ စစ်ကောင်စီက လေယာဥ်နဲ့ပစ်တာနဲ့ လူအင်အားဖြည့်တော့ ပြန်ဆုတ်ပေးလိုက်ရတယ်။ အခုတော့သူတို့ပြန်နေနေပြီ။ ကျနော်တို့သိမ်းရပြီလို့တော့ ပြောလို့မရပါဘူး။ လက်ရှိ သူတို့ရှိနေတုန်းပါပဲ။ ဒါပေမဲ့စိတ်မယိမ်းယိုင်ကြပါနဲ့။ သူတို့ယူထားလို့ အကျိုးကျေးဇူး ဘာမှမရှိတော့ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

သုံးသပ်ချက်
ဖာပွန်ဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိနိုင်ရန် လပေါင််းများစွာ ကြိုးပမ်းနေသည့်အချိန်တွင် ၁၀ လနီးပါးကြာရှိပြီဖြစ်သည့် ထိုဗွီဒီယိုဖိုင်အား ယခုလက်ရှိဖြစ်နေသယောင် တင်ဆက်ရေးသားမှုမျိုးဖြစ်သော်လည်း ဖြန့်ဝေနေကြသည့် ဖေ့ဘွတ်ခ်စာမျက်နှာများမှာ တော်လှန်ရေးတပ်ဖွဲ့များနှင့်စပ်ဆက်သည့်သတင်းများအား အကောင်းဘက်မှရေးသားဖော်ပြလာသည့် စာမျက်နှာများဖြစ်ကြောင်းတွေ့ရသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် ဗျူဟာကုန်းရရှိသည့် ဗွီဒီယိုဖိုင်အဟောင်းကို ဂရုမပြုမိ၊ သတင်းအမှားဖြစ်ကြောင်း သတိမပြုမိဘဲ ရေးသားဖြန့်ဝေမိသည်ဟု သုံးသပ်ရနိုင်သည်။

ကေအိုင်စီ၏ ပရိသတ်များအနေဖြင့်လည်း သတင်းအကြောင်းအရာတစ်ခုကို တွေ့ရှိပါက စောလျင်စွာ ယုံကြည်မှုမပြုဘဲ ၎င်းတွင်ပါဝင်နေသည့် ရုပ်ပုံ၊ ရုပ်သံများအား ဂရုပြုလေ့လာခြင်းဖြင့်လည်းကောင်း၊ သက်ဆိုင်ရာလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသို့ အတည်ပြုချက်ရယူခြင်း၊ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအား စောင့်ကြည့် အတည်ပြုခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်သည်။

ထို့အတူ ယုံကြည်စိတ်ချရသည့် မီဒီယာများနှင့်တိုက်ဆိုင်စစ်ဆေးခြင်းဖြင့် သတင်းအမှား၊အမှန်ခွဲခြားနိုင်သလို ကေအိုင်စီ၏ဖေ့ဘွတ်ခ်စာမျက်နှာ (https://www.facebook.com/KICNewsPage)သို့ လာရောက်ပေးပို့နိုင်သည်။