Home သတင်း တပခ စစ်ဌာနချုပ် တိုက်ခိုက်ခံရမှု စစ်ကောင်စီအရာရှိနှစ်ဦး အပါအဝင် (၁၀) ဦးသေဆုံးဟု BWM ပြော

တပခ စစ်ဌာနချုပ် တိုက်ခိုက်ခံရမှု စစ်ကောင်စီအရာရှိနှစ်ဦး အပါအဝင် (၁၀) ဦးသေဆုံးဟု BWM ပြော

797
Photo: BWM

ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရသည့် တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ် ဌာနချုပ် (တပခ) ဖြစ်စဉ်တွင် စစ်ကောင်စီတပ် အရာရှိနှစ်ဦးအပါအဝင် (၁၀) ဦးသေဆုံးကြောင်း ယင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့သည့် Brave Warriors For Myanmar -BWM က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ယနေ့ (ဒီဇင်ဘာလ ၂၂ ရက်) နံနက်တွင် တိုက်ခိုက်မှုပြု လုပ်ခဲ့ရာ (၁၀၇) မမ ရှော့တိုက်ဒုံး (၇)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု BWM က ပြောသည်။ ၎င်းပစ်ခတ်မှုတွင် အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့သည့် ရှော့တိုက်ဒုံး (၅)လုံးမှာ တပခ အတွင်းရှိ အရာရှိနေအိမ် (၂)လုံး၊ စစ်ဆင်ရေးရုံးခန်း၊ စခန်းရုံးနှင့် ကားသုံးစီးကို ထိမှန်ခဲ့ပြီး အရာရှိငယ်နေအိမ် ထိခိုက်မှုတွင် သေဆုံးသူတချို့ ရှိသည်ဟု BWM ကဆိုသည်။

BWM အဖွဲ့၏တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က မနက် ၁၂း၃၅ မှာပစ်တယ်၊ ကျနော်တို့ပစ်ပြီး ၁ နာရီကျော်အကြာလောက်မှာ ၁၂၀ သို့မဟုတ် ၈၀ မမနဲ့ ရမ်းသမ်းပြီးပြန်ပစ်တာ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ရဲဘော်တွေ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ တပခထဲက စစ်ကောင်စီ အသိုင်းအဝိုင်းကတော့ အရမ်းကိုတုန်လှုပ်ခြောက်ခြားနေကြပြီလို့” ဟု ၎င်းက ပြောသည်။

ထို့ပြင် စစ်ကောင်စီသည် အကြမ်းဖက် နှိပ်စက်မှု၊ လူငယ်များကို အတင်းအဓမ္မပြန်ပေးဆွဲစေခိုင်းမှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုင်ငံတဝှမ်းရှိ ပြည်သူများ စိတ်မလုံခြုံခြင်း ခံစားရသကဲ့သို့ ခရစ်စမတ် အခါသမယတွင်ပင် ၎င်းတို့၏မိသားစုဝင်များ မှီခိုရာ စစ်ဌာနချုပ်အတွင်း၌ မလုံခြုံတော့ကြောင်း လက်တွေ့ခံစားရစေရန် တိုက်ခိုက်ခြင်းလည်း ဖြစ်သည်ဟု ဖော်ပြသည်။

စစ်ကောင်စီ၏တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) သည် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် မြောက် ဘက်ခြမ်း ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများရှိ တော်လှန်ရေး အင်အားစုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ဌာနချုပ်ဖြစ်ခြင်းကြောင့် BWM နှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်း၍ Mission 27 အဖြစ် တိုက်ခိုက်ခြင်းဟု အသိပေးထားသည်။

ယခုလို BWM ၏ Mission 27 အဖြစ် ပစ်ခတ်တိုက်ခိုက်ခြင်းအားဖြင့် မြန်မာပြည်၏ နေရာအနှံ့အပြားရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တို့ အစွမ်းကုန် ကြိုးစားတိုက်ခိုက်နေသော တော်လှန်ရေး အရွေ့အတွက် အကူအညီဖြစ်စေရန် ရည်ရွယ်ကြောင်းလည်း BWM က ဆိုသည်။

ထိုစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့၊ (Anti-Coup People’s Liberation Force – ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့ပြီး ဗိဿနိုး (တောင်တွင်းကြီး) အဖွဲ့က မြေပြင်၌ တဖက်တလမ်းမှ ကူညီပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် အဆိုပါ မဟာမိတ်တပ်ဖွဲ့ဝင်များသည် တောင်ငူလေတပ်စခန်း နှင့်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို တိုက်ခိုက်ခဲ့သေးကြောင်း BWM ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခု စစ်ဆင်ရေး (၂၇) ကြိမ်မြောက်အထိ BWM အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ စစ်ကောင်စီ၏တောင်ငူလေတပ်စခန်းအပါအဝင် ဌာနချုပ်အချို့ကို ပစ်ခတ်မှုသည် ရှော့တိုက်ဒုံး အလုံးရေ (၂၀၀) နီးပါးရှိပြီး စစ်ကောင်စီဘက်မှ သေဆုံးသူ ရာနှင့်ချီကာ ရှိနေသည်ဟု BWM အဖွဲ့၏ တာဝန်ရှိသူထံမှ သိရသည်။