Home သတင်း ညောင်လေးပင်ခရိုင်တွင် လက်နက်ကြီးနှင့် ဒရုန်းဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်း ၄ ကျောင်းပျက်စီး

ညောင်လေးပင်ခရိုင်တွင် လက်နက်ကြီးနှင့် ဒရုန်းဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်း ၄ ကျောင်းပျက်စီး

660

ဒီဇင်ဘာ၂၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ခလယ်လွီထူး(ညောင်ပင်)ခရိုင်တွင် စစ်ကောင်စီ က လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခြင်းတို့ကြောင့် ဘုန်းကြီးကျောင်း ၄ ကျောင်းနှင့် ဓမ္မာရုံတစ်ရုံ ထိခိုက်ပျက်စီးသွားသည်ဟု ကျောက်ကြီးမြို့နယ်ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမှုက ပြောသည်။

ကျောက်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့မှစ၍ စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ-၂၆၄) တပ်ရင်းက ဒရူန်းဖြင့် ဗုံးကြဲချခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် ယခုလို ဘာသာရေး အဆောက်အအုံ များ ထိခိုက်ပျက်စီးသွားခြင်း ဖြစ်သည်ဟု ပဒိုစောဝါးမူက ယခုလို ပြောသည်။

“ဟုတ်ပါတယ် စစ်တပ်ရဲ့ လက်နက်ကြီးအပြင်ကိုမှ လေကြောင်းကနေ ဒရူန်းတွေနဲ့ပါ တိုက်ခိုက်လာတဲ့အတွက် ဘာသာရေးအဆောက်အအုံတွေ ထိခိုက်ပျက်စီးတာတွေ ပိုဖြစ်လာပါတယ်။ ဘုန်းကြီးကျောင်းအပြင် စာသင် ကျောင်း တွေလည်း ဒရူန်းနဲ့ ဗုံးကြဲခံထိသွားပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ရွာသာယာကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း (၁) ကျောင်း၊ သူးကဘီး(ကျွဲတလင်း)ကျေးရွာရှိ ဘုန်းကြီးကျောင်း (၂) ကျောင်း နှင့် အင်းနက်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း (၁) ကျောင်း တို့အပြင် ကျောင်းဝန်းအတွင်းရှိ ရေကန် (၁) ကန်၊ ဓမ္မာရုံ (၁) ရုံ၊ ဆိုလာ (၁) ချပ် တို့သည်လည်း ထိခိုက်ပျက်စီးခဲ့ရသည်။

ထို့အပြင် တပ်မဟာ(၃)နယ်မြေ မုန်းမြို့နယ်တွင် မြို့သို့ ဈေးဝယ်သွားသည့် မိသားစုဝင် ၃ ဦးတို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များထောင်ထားသည့် မြေမြှုပ်မိုင်း နင်းမိပြီး ၂ ဦး သေဆုံးသွားပြီး တစ်ဦးမှာ ဖြူးမြို့ရှိ ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်ဟု ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်ထားသည်။