Home သတင်း စစ်ကောင်စီ ဥက္ကဌကို ဖမ်းရန် ICC သို့လျှောက်ထားမှုအပေါ် K2C နှင့် NUG ကြိုဆို

စစ်ကောင်စီ ဥက္ကဌကို ဖမ်းရန် ICC သို့လျှောက်ထားမှုအပေါ် K2C နှင့် NUG ကြိုဆို

580
Photo -AFP

ဒီဇင်ဘာ ၁၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး-ICC ရှေ့နေချုပ်က ရိုဟင်ဂျာများ အပေါ်ကျုးလွန်သည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ ဖမ်းဝရမ်းထုတ်ရန် ICC သို့ လျှောက်ထားမှုကို ကြိုဆိုပြီး အရေးယူခံရရေး အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု K2C နှင့် NUG တို့က ပူးတွဲထုတ်ပြန် ပြောဆိုလိုက်သည်။

အမျိုးသားညီညွှတ်ရေးအစိုးရ-NUG ၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ-KNPP ၊ ချင်းအမျိုးသားတပ်ဦး-CNF နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တို့က ပူးတွဲ၍ ယနေ့ မနက်ပိုင်း ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်အတွင် မင်းအောင်လှိုင်က လူထုအပေါ်ကျုးလွန်သည့် ရာဇဝတ်မှုများကိုဖော်ထုတ် ဖမ်းဆီး အရေးယူနိုင်ရန်နှင့် နိုင်ငံတကာတရားစီရင်ရေး ယန္တရားမှတဆင့် တာဝန်ခံ၊ တာဝန်ယူမှု ရရှိစေရန် အရှိန်မြင့် ကြိုးပမ်းမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းခံခဲ့ရသည့် တိုင်းရင်းသားပြည်သူများအတွက် တရားမျှတမှုနှင့် အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို ရည်ရွယ်သည့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ရေးမှာ K2C နှင့် NUG တို့၏ ကတိကဝတ်ဖြစ်သလို ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီနှင့် ဆက်ဆံနေခြင်းသည် ၎င်းရာဇဝတ်မှုများကို အားပေးရာရောက်ကြောင်းလည်း ထောက်ပြထားသည်။

ထို့အပြင် ICC ရှေ့နေချုပ်က လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုဖြင့် စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းလျှောက်ထားမှုသည် မြန်မာ့တပ်မတော်အပါအဝင် မြန်မာနိုင်ငံ၏ လုံခြုံရေး၊ တရားစီရင်ရေးနှင့် နိုင်ငံရေးစနစ်အား ပြုပြင်ပြောင်းလဲရန် လိုအပ်လျက်ရှိနေသည့်သဘောဟု K2C နှင့် NUG တို့က ဆိုသည်။

Photo -AFP

ထို့အပြင် ပူးတွဲထုတ်ပြန်ချက်၌ စစ်ကောင်စီကဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲသည် တရားဝင်မှု မရှိသည့် အပြင် နိုင်ငံနှင့်စစ်ကောင်စီအတွက် နိုင်ငံရေးထွက်ပေါက်ဖြစ်မလာနိုင်ကြောင်းလည်း အသိပေးဖော်ပြသည်။

ထို့ကြောင့် စစ်ကောင်စီလက်အောက်ရှိ တပ်ဖွဲ့ဝင်များအနေဖြင့် ရာဇဝတ်မှုများအတွက် တာဝန်ခံရမည့် မင်းအောင်လှိုင်ထံမှ ရုန်းထွက်၍ မြန်မာ့တပ်မတော်ကိုကယ်တင်ရန်၊ နိုင်ငံရေးမပတ်သက်သည့် ပြည်သူ့အကျိုးပြု တပ်မတော်အဖြစ် လုံခြုံရေးကဏ္ဍသစ်အား ဖက်ဒရယ်ဒီမိုကရေစီအခြေခံမှုအရ ဖော်ဆောင်ရန်လည်း ဖိတ်ခေါ်ထားသည်။

ယခုထုတ်ပြန်ချက်အပေါ် မှတ်ချက်ပြုရန် K2C နှင့် NUG ပြောခွင့်ရသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဒီဇင်ဘာ ၁ ရက်နေ့ညနေပိုင်းထိ အဆက်အသွယ်မရ ဖြစ်နေသည်။
လူသားမျိုးနွယ်အပေါ် ကျုးလွန်သည့်ရာဇဝတ်မှုများ အထူးသဖြင့် ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခွင့် အာဏာ အပြည့်အဝရရှိထားသည့် ICC ရှေ့နေချုပ်က ၎င်း၏စုံစမ်းမှုရလဒ်အပေါ် အခြေခံ၍ မင်းအောင်လှိုင်ကို ဖမ်ဝရမ်းထုတ်ရန် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့က ICC သို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်ကမူ ICC အဖွဲ့ဝင်နိုင်ငံများတွင် မြန်မာပါဝင်ခြင်းမရှိသဖြင့် ICC ဘက်က ပြောဆိုမှုကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း ၎င်းတို့လက်အောက်ရှိ မီဒီယာများမှတဆင့် တုံ့ပြန်ပြောဆို ထားသည်။