ဒီဇင်ဘာ ၁၂ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင် လယ်ဒို မြို့နယ် (ကျောက်ကြီးမြို့နယ်) တွင် နှစ်လအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၂၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့နယ်အရေးပေါ်ကူညီ ကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်ပြောသည်။
အဆိုပါ ခရိုင်တွင် ပြီးခဲ့သည့် အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း စစ်ကောင်စီက ကျေးရွာများသို့ လက်နက် ကြီး အလုံးရေ စုစုပေါင်း ၂၂၄ လုံးအထိ ပစ်ခတ်ခဲ့မှုကြောင့် ထိုသို့ ဒေသခံများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ကော်မတီက ထုတ်ပြန်ထားသည်။
၎င်းအပြင် ယခုလိုလက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုအပြင် ဒေသခံနေအိမ်စုစုပေါင်း ၁၆ လုံး၊ ဘုန်းကြီးကျောင်း ၄ ကျောင်း၊ ခရစ္စယာန် ဘုရားရှိခိုးကျောင်း ၅ ကျောင်း၊ ဆေးပေးခန်း ၂ ခန်းနှင့် နွား တစ်ကောင်တို့မှာ လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ပြီး သေဆုံးခဲ့ရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံများ အသက်အန္တရာယ် ထိခိုက်ကြုံတွေ့မှုများနှင့် ရင်ဆိုင်နေရသည့်အတွက် လယ်ဒို (ကျောက်ကြီး)မြို့နယ် အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက အဆိုပါ လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ပြောဆိုသည်။
ဆက်လက်၍ ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များကို နိုင်ငံတကာ အဖွဲ့အစည်းများမှ ကူညီထောက်ပံ့ပေးရန်နှင့် စစ်ကောင်စီမှ ပြည်သူ များအား ပစ်မှတ်ထားတိုက်ခိုက်မှုများကို ရပ်တန့်ရန်အတွက် နိုင်ငံတကာအစိုးရ၊ နိုင်ငံတကာလူ့ အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများမှ ထိရောက်စွာ အရေးယူပေးရန် ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက တောင်းဆိုထားသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေထဲ၌ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့ သည့် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၂,၈၃၅ ခုရှိသည်ဟု ကေအဲန်ယူ၊ လူ့အခွင့်အရေးကော်မတီ (KNU-Human Rights Committee -KHRC)က ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြ ထားသည်။