Home သတင်း ကလေးဖိုးကလိုးဒေသ လူထုအခြေပြုရေဦးရေဖျားကော်မတီ စီမံခန့်ခွဲမှု အားကောင်းရန် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့

ကလေးဖိုးကလိုးဒေသ လူထုအခြေပြုရေဦးရေဖျားကော်မတီ စီမံခန့်ခွဲမှု အားကောင်းရန် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့

142

ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရေအရင်းအမြစ်ကောင်းမွန်စွာ ဆက်လက်ထိန်းသိမ်းကာကွယ်ရန်ရည်ရွယ်၍ ကေအဲန်ယူ -ကရင်အမျိုး သားအစည်းအရုံး ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ကလေးဖိုးကလိုးကျေးရွာ၌ ဒေသအတွင်း ဖွဲ့စည်း ထားသည့် လူထုအခြေပြုရေဦးရေဖျား စီမံခန့်ခွဲရေး ထိန်းသိမ်းရေးကော်မတီဝင်များပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ဒီဇင်ဘာလ ၆ ရက်မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။

ထိုဒေသအတွင်းရှိ ရေဦးရေဖျား အရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ရန်အတွက် ရေလုပ်ငန်း စီမံချက်များ ရေးဆွဲထားခဲ့သော်လည်း အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးသောကြောင့် ရေဦး ရေဖျားကော်မတီဝင်များနှင့် ပူးပေါင်းလုပ်ဆောင်သူများ အားကောင်းရန် ယခုလို ပြန်လည် တွေ့ဆုံ ဆွေးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ကော်သူးလေ သစ်တောဌာန (KFD) တာဝန်ရှိသူဘက်က ပြောသည်။

“ဒီ(၂)နှစ်ကျော် ကာလမှာ စီမံခန့်ခွဲမှု ရေးဆွဲပြီးတဲ့အချိန်တည်းက ကွာသွားတယ်။ အခုက ဆုတ်ယုတ် လာတဲ့အပိုင်းကို ပြန်ရောက်သွားတယ်။ နွေဘက်ရေတွေရှားပြီး ခန်းလာတာတို့ သစ်မြစ်ဝါးမြစ် နေရာ တွေမှာ လမ်းဖောက်လုပ်တော့ ဆေးမြစ်ရှားပါးလာတာတို့ ဖြစ်လာတယ်။ ဒါတွေကို ပြန်လည် ထိန်းသိမ်း လုပ်ဆောင်ဖို့ သူတို့စီမံချက်ရေးဆွဲမှ ရည်ရွယ်ချက်တွေ မျှော်မှန်းချက်တွေ သိမြင်လာမယ်။ ရေနဲ့ပတ် သက်ပြီးမှ ဘယ်လို အသုံးပြုပြီး ဆက်သွားရမလဲဆိုတာ သိလာမယ်။” ဟု ဗဟိုသစ်တောအဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

နှစ်ရက်တာကျင်းပပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် တာဝန်ရှိသူများမှ ကျေးရွာရှိ ပြည်သူ လူထုများကို လူထုအခြေပြုရေဦးရေဖျားထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းလမ်းညွှန်အား ပြန်လည်ရှင်းလင်းတင်ပြခြင်း၊ ရေထိန်းသိမ်းကာကွယ်‌မှုနှင့် စီမံခန့်ခွဲမှုများကို ဆွေး‌နွေးဖလှယ်ခြင်း၊ အပြန်အလှန်‌မေးမြန်းခြင်း၊ ရေအပါအဝင် သစ်တောများကို ထိန်းသိမ်းကာကွယ်ရန် ဆုံးဖြတ်ချက်နှင့် စီမံခန့်ခွဲခြင်း ‌နှင့်ရှေ့လုပ်ငန်းစဉ်များကို ‌ရေးဆွဲချမှတ်ခဲ့ကြောင်း သိရသည်။

ကလေးဖိုးကလိုးကျေးရွာမှ ကော်မတီအဖွဲ့ဝင် အမျိုးသမီးတစ်ဦးက “စီမံခန့်ခွဲမှုရေးဆွဲလိုက်တော့ ရေ အရင်းအမြစ်နဲ့ သစ်တောကို ရှေ့ဆက်ဘယ်လို ‌ကောင်းမွန်လာအောင် ကာကွယ်ရမလဲဆိုတာ ပိုနား လည်လာတယ်။ လိုက်နာ လုပ်ဆောင်ရမည့် အပိုင်းတွေလည်း ပိုမြင်လာခဲ့တယ်။” ဟု ပြောသည်။

ဒေသခံများ ရေရှည် ရေအရင်းအမြစ်များ ထိန်းသိမ်းနိုင်ရန်အတွက် ကလေးဖိုးကလိုး ရေဦးရေဖျား ဒေထဲတွင်ကော်သူးလေ သစ်တောဌာနအနေဖြင့် ကွင်းဆင်းလေ့လာမှုများ လေ့လာပြီးနောက် ရေဦးရေဖျား ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းထားခဲ့ခြင်းလည်းဖြစ်သည်။

ကလေးဖိုးကလိုးရေဦးရေဖျား ထိန်းသိမ်းရေးကော်မတီကို ကလေးဖိုးကလိုးကျေးရွာအပါအဝင် ကလေးမိုးခီးနှင့် ထီးဒိုကော်ကျေးရွာကိုယ်စားလှယ်များပါဝင်ကာ ပြီးခဲ့သည့် (၂၀၂၂) ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကော်မတီထဲတွင် အမျိုးသား (၇) ဦး အမျိုးသမီး (၃) ဦး အပါအဝင် စုစုပေါင်း အဖွဲ့ဝင် (၁၀) ဦးနှင့် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။