ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်လူမျိုးတို့၏အမျိုးသားရေးပန်းတိုင်သို့ ရောက်ရှိရန် တစ်ခုတည်းသော နိုင်ငံရေး၊ အမျိုးသားရေး ဦးဆောင်မှုအောက် လက်တွဲစုစည်းကျရန် အချိန်တန်ပြီဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
မိမိကိုယ်ကိုကရင်ဟု အသိအမှတ်ပြုထားသည့်လူတိုင်း၊ ကရင့်အရေးကြွေးကြော်လုပ်ဆောင်နေသည့် အဖွဲ့အစည်းတိုင်း လာမည့်ကာလတွင် လွတ်လပ်ပြီးတန်းတူညီမျှသည့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ကော်သူးလေပြည်တည်ဆောက်ရေး တစ်ခုတည်းသော ဦးဆောင်မှုအောက်၌ လက်တွဲလုပ်ဆောင်ကြရန် ယနေ့ကျရောက်သည့် ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့မိန့်ခွန်းအတွင်း ပဒိုစောကွယ်ထူးဝင်းက ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
လူမျိုးတစ်မျိုးရပ်တည်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး မပျောက်ပျက်စေရန်မှာ မိမိလူမျိုးကို ချစ်မြတ်နိုးစိတ်ရှိရုံဖြင့်မလုံလောက်ဘဲ လူမျိုးလက္ခဏာပျောက်ကွယ်စေမည့်လုပ်ရပ်တို့ကို ဆန့်ကျင်၍ ထိန်းသိမ်းလိုစိတ်၊ တော်လှန်လိုစိတ် ရှိရမည်လည်းဖြစ်သည်ဟု ကေအဲန်ယူဥက္ကဌက ဆိုသည်။
ထို့အပြင် ကရင်လူမျိုးတိုင်း၊ ကရင်အဖွဲ့အစည်းတိုင်းသည် လူမျိုးစုအခွင့်အရေး၊ တိုင်းပြည်တိုးတက်ရေးကို ပိတ်ပင်နေသည့်နိုင်ငံရေးမသမာမှုမှ မိမိတို့အခွင့်အရေးပြန်လည်ရရှိရန် ရုန်းကန်လုပ်ဆောင်ကြရမည်ဖြစ်သလို အမျိုးသားရေးကဏ္ဍတွင် ခိုင်မာစွာရပ်တည်၍ မိမိတစ်ကိုယ်ရည်၊ တစ်ဖွဲ့ ကောင်းစားရေးထက် တိုင်းပြည်အကျိုးအတွက် လုပ်ဆောင်ရန်လည်း ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းထားသည်။
ကော်သူးလေအစိုးရတစ်ရပ်အနေဖြင့် ရပ်တည်လျက်ရှိသည့် ကေအဲန်ယူသည်လည်း အဖွဲ့အစည်းက ထားရှိသည့် မျှော်မှန်းချက်နှင့် ပြည်သူများအကျိုးအတွက် လုပ်ဆောင်နေသလို ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖြစ်ပေါ်လာစေရန် စွမ်းရည်တိုးမြှင့်ဆောင်ရွက်နေသည်ဟု ဆိုသည်။
မြန်မာပြည်လွတ်လပ်ရေးရပြီး ၁၉၆၂ ခုနစ်မှသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားသည်အထိ အာဏာရှင် အဆက်ဆက်နှင့် ဗမာစစ်တပ်၏အကြမ်းဖက်မှုများကြောင့် တိုင်းရင်းသားပြည်သူအပေါင်း အတိဒုက္ခများ စွာဖြစ်ပေါ်ကြရသည့်အတွက် မဟာလူမျိုးကြီးဝါဒအမြစ်ပျက်သုဥ်းရန် ကရင်လူမျိုးစုများအပါအဝင် တိုင်းရင်းသားပြည်သူများ လက်တွဲကာ တော်လှန်ရေးတိုက်ပွဲဝင်သွားကြရန်ကိုလည်း KNU က ဖိတ်ခေါ်ပြောဆိုထားသည်။
ကရင်လူမျိုးတို့၏ အမျိုးသားရေးဝိသေသလက္ခဏာတစ်ရပ်လည်းဖြစ်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကေအဲန်ယူအုပ်ချုပ်သည့် ကော်သူးလေနယ်မြေများတွင်သာမက ပြည်ပရောက်ကရင်အသိုင်းအဝိုင်းတွင်လည်း ကရင်လူငယ်များ၊ အဖွဲ့အစည်းများမှ ဦးဆောင်၍ ပြုလုပ်ကျင်းပလျက်ရှိသည်။
များသောအားဖြင့် ကရင်နှစ်သစ်ကူးနေ့ကို မြန်မာသင်္ကရာဇ် ပြာသိုလဆန်း(၁)ရက်နေ့တွင် အခမ်းအနား အစီအစဥ်များဖြင့် ကျင်းပပြုလုပ်လေ့ရှိပြီး ရိုးရာကောက်သစ်စားပွဲ၊ ဟောပြောပွဲ၊ ကရင်ဒုံးယိမ်းအကများ၊ အားကစားပြိုင်ပွဲများကိုလည်း အထိမ်းအမှတ်အနေဖြင့် ထည့်သွင်းပြုလုပ်ကြသည်။