ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံကြားက မြန်မာ့နိုင်ငံရေးအပေါ် နိုင်ငံရေးသုတေသီ ဦးအောင်မိုးဝင်းနှင့် မေးမြန်းခြင်း
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို ထိပ်တိုက်တွေ့မှာ မဟုတ်ဘူး” သုတေသီ-ဦးအောင်မိုးဝင်း
ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သည့် အမေရိကန်၊ တရုတ်နှင့် အိန္ဒိယ သုံးနိုင်ငံက မြန်မာ့အရေးအပေါ် မည်သို့ ပတ်သက်ပြီး မည်သည့်ပုံစံဖြင့် ချည်းကပ်မှုများ ပြုလုပ်နေသည်။ တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုက မြန်မာ နိုင်ငံ ပြည်တွင်းစစ်အပေါ် မည်သို့တိုက်ရိုက်အချိုးကြနေသည်။ အမေရိကန်သမ္မတအသစ်နှင့်အတူ မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှားမှုများက မည်သို့ဆက်ရှိမည် စသည်တို့နှင့် ပတ်သက်၍ နိုင်ငံရေးသုတေသီ ဦးအောင်မိုးဝင်းနှင့် ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်သည်။
မေး ။ ။ အမေရိကန်သမ္မတအသစ်လာမဲ့အပေါ် မြန်မာ့အရေး ဘယ်လို သက်ရောက်မှုရှိမလဲ ပြောပြပေးပါ။
ဖြေ ။ ။ ဗမာပြည်မှာ အယူလွဲနေကြတာတွေရှိတယ်။ ဗမာပြည်သူတွေထင်နေတာက ဒီမိုကရက်တစ်ပါတီက ဗမာ့အရေးကိုပိုပြီးတော့ လုပ်တယ်။ ဒေါ်နယ်လ်ထရန့်တို့က မလုပ်ဘူး။ လူ့ခွင့်အရေးကိုမလုပ်ဘူး၊ ဒီလိုတွေပေါ့။ ဒီလိုအယူလွဲနေတာတွေကို ကျနော် နည်းနည်းရှင်းပြမှ ဖြစ်မှာကို။ အဲ့တော့ ဒီမိုကရက်တစ်ပါတီမှ မဟုတ်ဘူး။ အမေရိကန်သမ္မတ ဂျော့ဘုရှ်တုန်းကလည်း နယ်စပ်ကတိုင်းရင်းသားခေါင်းဆောင်တွေ ဒီမိုကရေစီအရေးလှုပ်ရှား နေသူတွေနဲ့ တွေ့ခဲ့တဲ့ သမိုင်းတွေရှိပါတယ်။ ဓာတ်ပုံတွေပြန်ကြည့်ရင် သိပါတယ်။
အာဆီယံအစည်းအဝေးကို လာရင်းနဲ့ ဒီမိုကရေစီလှုပ်ရှားမှုအရေးကို ထောက်ပံ့တဲ့သူ အားပေးကူညီတဲ့ အနေနဲ့ သူကိုယ်တိုင် လာတွေ့တာတွေလည်း ရှိပါတယ်။ နောက်တစ်ခါ ဗုဒ္ဓဘာသာတွေကို ဖြိုခွင်းတဲ့အခါမှာလည်း သူတွေ့တာဘဲ။ အဲ့တော့ လူတွေက သမိုင်းကိုဖြတ်မြင်တာ ဘားရက်အိုဘားမားတို့ ဗမာပြည်ကိုလာတယ် ဒေါ်စုနဲ့ တွေ့တယ်။ အဲ့ဒီအတွက် ပြုပြင်ပြောင်းလဲမှုတွေလုပ်ကြတော့ အိုဗားမားတို့က ဒီမိုကရက်တစ်ပါတီရမှ ငါတို့ဗမာ့ အရေးကို ကူညီကြတာလို့လူတွေက ထင်ကြတယ်။ တကယ်တမ်းက ရီပတ်ဘလီကန်ရော ဒီမိုကရက်တစ်ပါတီ ရော ကွန်ဂရက်မှာ ဗမာ့အရေးကိုကူမယ်ဆိုတာက သဘောတူပြီးသား ဖြစ်တယ်။
အဲ့တော့ သူတို့ကူမယ်ဆိုတဲ့ဟာကလည်း ဆီးရီးယားတို့လို နေတိုးကဦးဆောင်ပြီးတော့ စစ်ရေးအရ ကျူးကျော် လက်ရှိ တပ်မတော် ခေါင်းဆောင်တွေကို ဖြုတ်ချ အဲ့တာမျိုး မဟုတ်ဘူး။ သူတို့ပြောနေတာဒီနေ့ ဘိုင်ဒန်အစိုးရဘဲ ဖြစ်ဖြစ် ရီပတ်ဘလီကန် ခေါင်းဆောင်တွေဘဲဖြစ်ဖြစ် ပြောနေကြတာက မင်းတို့အားလုံးညီညွှတ်ကြမှ ဖြစ်မယ်။ တွေ့ဆုံဆွေးနွေးမှ ဖြစ်မယ်။ ဒီတိုင်းတိုက်နေလို့တော့ မဖြစ်ဘူး။
ဒီမိုကရေစီလမ်းကြောင်းကိုဘဲ ပြန်လျှောက်ခိုင်းနေတာ စစ်ခေါင်းဆောင်တွေကိုလည်းပြောတယ် ဒီမိုကရေစီလမ်း ကြောင်း အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ပြောသလို ဒီဘက်ကအုပ်စုတွေကိုလည်း တိုက်တွန်းတာ ဖြစ်တယ်။ အဲ့တော့ ဗမာ့အရေးမှာ ထူးထူးခြားခြား ကူညီတာမျိုးမရှိသလို ထူးထူးခြားခြားကြီး ကျောခိုင်းသွားမှာ မဟုတ်ဘူး။ သူတို့ လုပ်ရိုးလုပ်စဉ်အရ ဆက်ပြီးကူညီသွားမယ်။ ဆက်ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဇောင်းပေးပြီးတော့ ပြောသွားမှာဖြစ်တယ်။
မေး။ ။ တရုတ်နိုင်ငံရဲ့ ပါဝင်ပက်သက်မှုက ပြည်တွင်းစစ်အပေါ် ဘယ်လိုသက်ရောက်သွားမလဲ ရှင်းပြပါဦး။
ဖြေ။ ။ တရုတ်ရဲ့ထုံးစံကတော့ ကျနော်ထင်တယ်နယ်စပ်က လက်နက်ကိုင်တွေရော စစ်ကောင်စီကိုရော သူတို့ ဩဇာလွှမ်းမိုး ချင်တာပေါ့နော်။ အဓိကကတော့ အင်အားစုနှစ်ဖက်လုံးစီကနေ သူ့ဩဇာလွှမ်းပြီး သူ့အကျိုးအမြတ် ရရှိဖို့အတွက် လုပ်မှာဖြစ်တယ်။ အဲ့ဒီတော့ ဗမာစစ်ကောင်စီကလည်း ခုနကပြောသလိုပေါ့ဗျာ ပရောဂျက်တွေ ဗမာပြည်နဲ့ပက်သတ်တဲ့ စီမံကိန်းတွေ တရုတ်ကိုထိုးရောင်းပြီးတော့ ကျနော်တို့ဗမာတွေပြောသလို အောက်ဈေးနဲ့ ထိုးရောင်းပြီးတော့ သူ့ဘက်ကလည်း အကျိုးအမြတ်ရှိအောင်လုပ်မှာ။
အဲ့တော့ တော်လှန်ရေး အင်အားစုဘက်ကလည်း ကိုယ့်အကျိုးအမြတ်အတွက် အခြေနေနဲ့ အချိန်အခါကို ကြည့် ပြီးတော့ ကျနော်ထင်ပါတယ် တစ်ယောက်နဲ့တယောက် ဖိအားပေးတဲ့ပုံနဲ့ သွားကြမှာပါ။ အခုချိန် ဘယ်လောက်ထိ သွားမယ်ဆိုတာတော့ ပြောဖို့စောသေးတယ်။ ဒါပေမဲ့ KIA ဘဲကြည့်ကြည့် ရှမ်းအရှေ့မြောက်ဘဲ ကြည့်ကြည့် ထိပ်တိုက်တွေ့တာမျိုးမလုပ်ဘဲနဲ့ ဖိအားပေးတာနဲ့ အပေးအယူလုပ် ဒီနည်းလမ်းနဲ့ ချည်းကပ်မယ် ထင်ပါတယ်။
မေး ။ ။ အမေရိကန်နဲ့တရုတ် နှစ်နိုင်ငံကြားက မြန်မာ့အရေးအပေါ် အကျယ်တဝံ့ သုံးသပ်ပါဦး။
ဖြေ ။ ။ တရုတ်ပြည်ကတော့ သမိုင်းစဉ်တစ်လျောက်မှာ အခုမှ ဗမာစစ်အစိုးရကို ထောက်ခံတာ မဟုတ်ပါဘူး။ လက်တွဲလုပ်ခဲ့တာ မဟုတ်ပါဘူး။ ကျနော်တို့ ဖဆပလလက်ထက် ဦးနုတို့ ဦးကျော်ငြိမ်းတို့လက်ထက် ကတည်းက ဗမာအစိုးရနဲ့ သူတို့က အိမ်နီးနားချင်းပေါက်ဖော်လို ဆက်ဆံခဲ့ကြတာပေါ့နော် အဲ့တော့ ဦးကျော်ငြိမ်းတို့ပုန်ကန်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို အဲ့တုန်းက မကူညီသေးပါဘူး။ ဘယ်အချိန်ကြမှ ကူညီလည်းဆိုတော့ မော်စီတုန်း လက်ထက် တရုတ်-ဗမာ အရေးအခင်းဖြစ်တယ်။ ထိုင်ဝမ်ကျွန်းစစ်ပွဲမှာလည်း ဗမာပြည်နဲ့တိုက်ကြတဲ့အခါ သူရူံး တဲ့အခါကျမှ ကွန်မြူနစ်တော်လှန်ရေးကို လုပ်ကြမယ်ဆိုပြီး လုပ်ရင်းကနေ နယ်စပ်က ဗကပကို ထောက်ပံ့တာ။
ဒါပေမဲ့ တိန့်ရှောင်ဖိန် လက်ထက်ကျတော့လည်း သူတို့ ဗမာစစ်အစိုးရနဲ့ ပြန်အဆင်ပြေပြီး လုပ်ကြတာဘဲ။ အဲ့ဒီတော့ တရုတ်ခေါင်းဆောင်တွေ ဗမာစစ်အစိုးရနဲ့ လက်တွဲလုပ်ကြတာ အခုမှမဟုတ်ဘူး။ တိန့်ရှောင်ဖိန် လက်ထက်၊ ကျန်ဇီမင်း လက်ထက်၊ ဟူကျင်ထောင်း လက်ထက်၊ အခုလက်ထက်ပေါ့နော် အခုကျတော့ ပိုပြီးတော့ သိသိသာသာ ဘာကြောင့်တွဲပြလည်းဆိုတော့ နိုင်ငံတကာအခင်းအကျင်းတွေမှာ အားပြိုင်ဖို့ ကလာပြီးလေ။
အခုဆိုရင် အမေရိကန်သမ္မတဒေါ်နယ်လ်ထရန့်က တရုတ်နဲ့ကုန်သွယ်မှု စစ်ပွဲတွေသွားချင်တယ်။ သူကရုရှားထက် တရုတ်ကုန်ပစ္စည်းကို ပိုဇောင်းပေးတာဆိုတော့ ကျနော်တို့ ဒီလိုဖြစ်နေတာ ဗမာပြည်အရေးကို စဉ်းစားတဲ့အခါမှာ ကရာတေးပြိုင်ပွဲအရ ပြောမယ်ဆိုရင် ကျနော်တို့က ခါးပတ်အဝါအဆင့်မှာ ပြိုင်တယ်။ ဒါပေမဲ့သူတို့ နိုင်ငံတကာ အဆင့်တွေက ခါးပတ်အနက်ကို ပြိုင်ကြတာ၊ အဲ့တော့ ခါးပတ်အနက်တွေရဲ့ ထုံးစံအတိုင်းဘဲ သူတို့ကအပြင်ကို ဖြန့်ကျက်ကြည့်တဲ့ အခါမှာ ဗမာစစ်ကောင်စီနဲ့ ဘယ်လိုဘဲ အဆင်မပြေဖြစ်နေကြပါစေ လက်ရှိသူတို့ စိတ်ဝင်စား တာကိုဘဲ လက်တွဲလုပ်ကြမှာကို ဒါကိုပြတာ ပေါ့နော်။ အဲ့ဒီတော့ စကစဘက်က ကြည့်ရင်လည်း သူတို့ အသက်ရူချောင်တာပေါ့နော် တရုတ်နဲ့ပေါ်ပေါ်ထင်ထင် ဖိတ်ခွင့်ရတယ် လက်တွဲခွင့်ရတယ်။
အဲ့တော့ ဒီဘက် NUG က နယ်မြေအလိုက် နယ်မြေဘဲဖိတ်တာပါ ဘယ်လိုဘဲပြောနေနေ ယူနန်နယ်မြေဟာ အထက်ဗမာပြည်အရှေ့မြောက်အတွက်ရော ကုန်လုံးအရေးကြီးဆုံးနေရာလေ၊ အဲ့တော့ဒီလိုအရေးကြီးဆုံးနေရာနဲ့ ချိတ်ဆက်မိတာ ထူထောင်နိုင်တယ်ဆိုတာ စကစ အတွက်ကောင်းတဲ့ဟာ ဖြစ်သလို ဒီဘက်က အမေရိကန်က တွေ့တယ်ပေါ့နော် ဒီဘက်ကအုပ်စုတွေကို တွေ့တယ်ဆိုတာ ဒါကတော့ ကျနော်ထင်ပါတယ် မြန်မာ့ဒီမိုကရေစီ အရေးကို အားပေးတဲ့အနေနဲ့ပါ။ စကစကို တရုတ်ကချည်းကပ်နေပြီး မဟာမိတ်အနေနဲ့ အားပေးတဲ့သဘောပါ။
NUG တို့ဘာတို့ကို အစိုးရတစ်ရပ်အနေနဲ့ အသိမှတ်ပြုမယ်ဆိုရင် နိုင်ငံတကာစင်မြင့်မှာ လုပ်ပေးမှာပေါ့ ဒါပေမဲ့ အမေရိကန်ရဲ့သဘောထားရော တရုတ်ရဲ့သဘောထားရောဒီမှာ သွားတူနေတဲ့ အချက်တစ်ချက်ရှိတယ်။ အဲ့တာက ဘာလည်းဆိုတော့အင်အားကြီး နိုင်ငံနှစ်ခုစလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့လိုထိပ်တိုက် တွေ့ မှာ မဟုတ်ဘူး။ နှစ်ယောက်လုံးရဲ့ တူညီချက်ကတော့ ဒီနိုင်ငံတည်ငြိမ်မှဖြစ်မယ်။ ဒီမိုကရေစီအရေး လမ်းကြောင်း မှာ ဆိုတာကို ကျနော်ထင်ပါတယ်၊ တရုတ်ရော အမေရိကန်ရောက ညှိပြီးလုပ်နေကြတာပါ။ ခုနက တရုတ်ကပြော တဲ့ အမျိုးသားရေးဝါဒီနိုင်ငံဖြစ်လို့ ချည်းကပ်ပုံခြင်းမတူသလို အမေရိကန်ကလည်း ဒီမိုကရေစီနိုင်ငံဖြစ်လို့ နည်း မတူတာဘဲ ဖြစ်တယ်။ တည်ဆောက်ပုံခြင်းကတော့ အတူတူပါဘဲ။
မေး ။ ။ မြန်မာ့အရေးအပေါ် အိန္ဒိယရဲ့ ပါဝင်ပတ်သက်မှု အခြေအနေကိုလည်း ပြောပြပါဦး။
ဖြေ ။ ။ ဒီလိုပေါ့ မြန်မာနိုင်ငံက အာရှမှာဆိုရင် အာရှရဲ့ အင်အားကြီး နှစ်နိုင်ငံကြားမှာ နေရတယ်။ အိန္ဒိယနဲ့ တရုတ်အားပြိုင်မှုကြားမှာ ဗမာစစ်ကောင်စီကလည်း အကျိုးမြတ်ရအောင်လုပ်မှာပေါ့။ မင်းအောင်လှိုင် တရုတ်မှာ ပြောခဲ့တဲ့စကားရှိတယ်၊ တရုတ်ကို အိန္ဒိယထွက်ပေါက် လမ်းကြောင်းကိုပေးခဲ့တာ ကျနော်တို့ပါလို့ ပြောတယ်။ သဘောက အိန္ဒိယကို ပြန်ထောက်ထားတာပေါ့၊ မဟာဗျူဟာကျကျ ပြန်ပြီး Counter လုပ်ဖို့ အတွက် တရုတ်ကို တော့ ငါတို့ကမ်းလှမ်းထားတယ်။ မင်းတို့က ငါတို့ကို ဘာကမ်းလှမ်းမှာလည်း ဆိုတဲ့ဟာနဲ့ ကစားတာကို။
အဲ့တော့အိန္ဒိယကလည်း သိရသလောက်တော့ ဗမာပြည်က အပစ်ခတ်ရပ်ဆဲရေး အုပ်စုတွေပါတီတွေကို ဖိတ်တဲ့ အခါ စစ်ကောင်စီက ဘယ်လောက်တင်းတင်းမာမာ ပြန်တောင်းဆိုလည်း ဆိုတော့ ရွေးကောက်ပွဲ ကော်မရှင်ကိုပါ ဖိတ်ပြီးမှ ငါတို့သူတို့ကို ထည့်ပေးလို့ရမယ်ပေါ့၊ အဲ့တော့အိန္ဒိယက ဗမာစစ်ကောင်စီရဲ့ မျက်နှာကို ကြည့်ပြီး လိုက်လျောရမဲ့သဘောလေ။ အဲ့ဒီပွဲမှာရွေးကောက်ပွဲ ကော်မရှင်ပါတယ်။ အဲ့တော့ စကစ ဘက်က ကြည့်မယ် ဆိုရင် သူက တရုတ်ချည်းကပ်ပုံထက် အိန္ဒိယချည်းကပ်ပုံကို သိမ့်ပြီးတော့ သူကြိုက်ဟန် မတူဘူး။
ဒါကျနော် သိရသလောက် ပြောတာ။ ဘာဖြစ်လို့လည်းဆိုတော့ အိန္ဒိယက ခုနကပြောသလို AA က ပလက်ဝကို သိမ်းတုံးက ဒီဘက်လမ်းကြောဘက်က AA ခေါင်းဆောင်တွေနဲ့ သူ့ပြည်နယ်ဘက်က တွေ့ကြတာမျိုးပေါ့နော်။ သဘောတူညီချက် လမ်းမတွေဘာတွေ ဖွင့်တာလည်းရှိတယ်၊ ဆိုတော့ စကစက တရုတ်ကိုတောင်းတဲ့ ပုံစံမျိုး လိုချင်တာလေး နယ်စပ်ဂိတ်တွေ အားလုံးဟာ ဗဟိုအစိုးရဘဲ ချုပ်ကိုင်ထားတဲ့ပုံစံမျိုးဘဲ သူကသွားချင် တာလေ။ အဲ့တော့ အိန္ဒိယကတော့ နည်းနည်းစောတာပေါ့ ဒီဘက်က ထိတွေ့နေရတဲ့ လက်နက်ကိုင်အုပ်စုတွေနဲ့ အရင် ဆက်ဆံတယ်။ အိန္ဒိယရဲ့ချည်းကပ်ပုံကို ကြိုက်ပုံမရဘူး။ ကျနော်ထင်တယ် ဒီသုံးခုက ကစားနေ ကြတယ်။
မေး ။ ။ အမေရိကန် သမ္မတအသစ်နဲ့ မြန်မာ့ဒုက္ခသည်ခေါ်ယူမှု ဘယ်လိုသက်ရောက်နိုင်မလဲ။
ဖြေ ။ ။ မြန်မာပြည်နယ်စပ်က ဒုက္ခသည်တွေ အပါအဝင် နိုင်ငံရေး လှုပ်ရှားသူတွေ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေရော အကုန်လုံးကိုပြောခြင်တာက သိမ့်ပြီးတော့လည်း မစိုးရိမ်ပါနဲ့။ ဒီလိုဗျ မြန်မာ့အရေးက ကွန်ဂရက် မှာပါတီနှစ်ခု သဘောတူညီချက်နဲ့ ကူညီမဲ့ကိစ္စပါ။ အဲ့ဒီတော့ ဒေါ်နယ်လ်ထရန့် ပြောနေတဲ့ကိစ္စတွေက တရားမဝင် ဝင်ရောက်လာတဲ့ ဟာတွေကို ပို့မယ်ဘာညာတွေပေါ့ သူပါးစပ်ကတော့ပြောနေတာ၊ ဒါက ပြည်တွင်းမူဝါဒ Domestic policy တွေဖြစ်နေပေမဲ့ မြန်မာနိုင်ငံလို ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့သူတွေ နောက်တစ်ခုနိုင်ငံရေး မတည်ငြိမ်တဲ့သူတွေက ခုနကပြောသလို ပညာတတ်တွေ အများကြီးရှိတယ်။
နိုင်ငံရေးတွေမှာ တကယ်ကိုထက်မြက်တဲ့သူတွေ ရှိတယ်ဆိုတော့ အမေရိကန်က ဒါတွေကို အမြဲတမ်း Welcome ပါ။ အဲ့တော့ ဒေါ်နယ်လ်ထရန့်က ဒါတွေကို အခုမှကြုံခဲ့တာ မဟုတ်ဘူးလေ။ ၂၀၁၆၊ ၂၀၂၀ မှာ ကျနော်တို့ ကြုံခဲ့ တာဘဲ။ အဲ့ဒီကာလတွေတုန်းကလည်း ဗမာပြည်နဲ့ပတ်သက်ပြီးတော့ ကူညီခဲ့တာတွေ အများကြီးပါ CSO တွေ မေးကြည့်လိုက်ပါ။ နောက်အမေရိကန် School တွေမေးကြည့်လိုက်ပါ ဗမာပြည်ထဲမှာ NGO Donor တွေ ပေးခဲ့ တာ အများကြီးပါ။ အဲ့တော့ ဗမာပြည်ကို ထောက်ပံ့တဲ့ကိစ္စက ဂျူးတို့ဘာတို့ကို ထောက်ပံ့တဲ့ ဂျူးဆိုရင် တစ်နှစ် ဆိုရင် ၃ ဘီလီယံလောက် ထောက်ပံ့တာလေး ဗမာပြည်မှာ သန်း ၅၀၀ ကတော့ မပြောပလောက် ပါဘူး။ အဲ့တော့ အကူညီတွေဆက်ပြီးတော့ ပေးနေအုံးမယ်။ ခုနကပြောတဲ့ဒုက္ခသည် ကိစ္စတွေပိတ်ပစ်မှာတွေ ဘာတွေကိုတော့ မစိုးရိမ်ပါနဲ့နော် ကွန်ဂရက်ကလုပ်တဲ့ ကိစ္စတွေပါ။
မေး။ ။ နိုင်ငံရေးခိုလှုံခွင့်ရတဲ့ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ ဘာဆက်ဖြစ်မလဲ။
ဖြေ။ ။ ကျနော်ဥပမာတစ်ခုပြောပြမယ်။ ကျနော်ဆိုရင်ရောက်နေတာကြာပေမဲ့ အမေရိကန်နိုင်ငံသားအဖြစ် မခံယူခဲ့ဘူး။ အဲ့တော့ ဗမာပြည်ပြုပြင်ပြောင်းလဲရေးလုပ်တာကြည့် ဗမာပြည်ပြန်တော့လည်း ဒုက္ခသည် အလည် အပတ် Visa နဲ့ပြန်တာပါ။ အမေရိကန် နိုင်ငံသားတစ်ယောက်အနေနဲ့ ပြန်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ဗမာပြည်ကို ၂၀၁၅ မှာ ပြန်တော့ တစ်ခုသဘောပေါက် လိုက်တယ်။ ဗမာပြည်ကလည်း ကျနော်တို့ကို နိုင်ငံသားခံခွင့် မပေးဘူး။
အဲ့ဒီတော့ နိုင်ငံသားတစ်ခုခုဖြစ်မှ ဖြစ်တော့မယ်ဆိုပြီးတော့ ဗမာပြည်ကပြန်လာပြီးတော့မှ ဒေါ်နယ်လ်ထရန့် လက်ထက်မှာ အမေရိကန်နိုင်ငံသား အဖြစ်ခံယူလိုက်တာပါ။ အဲ့တော့ ပိုထူးခြားတဲ့အချက်က ဒေါ်နယ်လ်ထရန့် လက်ထက်မှာ Green Card တွေဘာတွေ အကုန်လုံးက ပိုပြီးတော့တောင် မြန်သေးတယ်။ ဘာလို့လည်းဆိုတော့ သူက စီးပွားရေးသမားဆိုတော့ သူ့လက်အောက်က သူတွေကအလုပ်ကို အလုပ်နဲ့တူအောင် လုပ်ပြီးတော့ Agency တွေ အကုန်လုံးက ပိုပြီးတော့ အသက်ဝင်လာတယ်။ ကျနော်၂၀၁၆ ခုနှစ်မှာ အမေရိကန် နိုင်ငံသား ဖြစ်တာ။ လူတွေမသိတဲ့အချက်က ဘားရက်အိုဘားမားဆို နာမည်ကြီးလေ ပြုံးပြုံးရွှင်ရွှင် ပြောတယ်၊ စကားချိုသာတယ်။
ဒေါ်နယ်လ်ထရန့်က အပြောဆိုးကောင်းဆိုးမယ် ဒါပေမဲ့သူပြောနေတာက အမေရိကန်ကို တောင်အမေရိက ကနေ ပြီးတော့မှ တရားမဝင်လာတဲ့သူတွေ ခင်ဗျား တွက်ကြည့်လေ ဆယ်ဆလောက်ရှိတယ်။ ဒီလူတွေရဲ့အန္တရယ်ကို ပြောနေတာ ဒီလူတွေထဲမှာ ဒုစရိုက်ဂိုဏ်က သူတွေပါမယ်။ လူကုန်ကူးဖူးတဲ့ သူတွေပါမယ်။ မူးယစ်ဆေးဝါးဂိုဏ် တွေ ပါတယ်။ ဒီလူတွေကို အဓိကထား ပြောနေတာပါ။ ကျနော်တို့ ဗမာပြည်က ကျောင်းတတ်ရင်းနဲ့ ဒီမှာနေဖို့ ကြိုးစားတဲ့သူတွေဆို Welcome ပါ သူ့ရဲ့ အင်တာဗျူးတွေမှာ ကြည့်လိုက် ဒီမှာပညာတတ်ရင်သူတို့ Welcome ဘဲ တရားဝင် Process နဲ့ လုပ်တဲ့နည်းမှန်သမျှ ထောက်ခံပါတယ်။ အဲ့တာကြောင့် မစိုးရိမ်ကြပါနဲ့လို့ ပြောချင်ပါတယ်။