Home သတင်း ထားဝယ်တွင် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

ထားဝယ်တွင် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

584
Photo: YPPDF

နိုဝင်ဘာ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်နှင့် ဆင်ဆိပ်ရပ်ကွက်ကြားတွင် လမ်းကင်းယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားသည်ဟု ရေဖြူပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ထုတ်ပြန်ပြောသည်။

အဆိုပါ ရပ်ကွက်နှစ်ခုကြား စစ်ကောင်စီတပ်ဖွဲ့ဝင်များ သုံးဘီးယာဉ် အသုံးပြု၍ လမ်းကင်းယူနေစဉ် နံနက် ၉ နာရီ ဝန်းကျင်တွင် ဒေသအခြေစိုက် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ ခြင်း ဖြစ်သည်။

ထိုသို့ ကြားဖြတ်တိုက်ခိုက်မှုပြုလုပ်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး၊ ကျန် ၂ ဦးမှာ ဆုတ်ခွာလွတ် မြောက်သွားသလို MA1 သေနတ် ၃ လက်၊ MA3 သေနတ် ၁ လက်၊ MA2 စက်ကလေး တစ်လက်၊ ကျည်ဘောက် ၁၅ ခုနှင့် ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့သည်ဟု ရေဖြူပြည်သူ့ကာကွယ်ရေးတပ်မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဖိုးချောက ပြောဆိုသည်။

ထို့နောက် အဆိုပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာတစ်ဝိုက်တွင် နေထိုင်သည့်‌ ဒေသခံနေအိမ်များကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အတင်းအကြပ်ရွှေ့ပြောင်းမှုများ လုပ်ဆောင်ခိုင်းသည်ဟု ထားဝယ်မြို့ပေါ်နေ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အဲ့ဒီဘက်ရပ်ကွက်တွေက စစ်ဘေးရှောင်တွေ အများဆုံးနေကြတယ်။ ပြီးတော့ ခဏခဏလည်း တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲအများဆုံးဖြစ်တဲ့နေရာ။ စစ်ရှောင်တွေက အိမ်လာငှားနေကြတယ်။ အခုစစ်တပ်ကရွှေ့ခိုင်း တော့ ထပ်ပြီးဒုက္ခရောက်ကုန်တာ” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုနှစ်အစပိုင်းတွင်လည်း ထားဝယ်မြို့ပေါ်ရှိ ကြက်စားပြင်ရပ်ကွက်တစ်ဝိုက်တွင် မြို့ပေါ်တိုက်ပွဲများဖြစ်ပွား ပြီးနောက် စောမိညိုလမ်းထဲမှာရှိသည့် နေအိမ် ၇၀ ကျော်ကို အိမ်ဖျက်ပြီး ပြောင်း‌ပေးရန် စစ်ကောင်စီတပ်ဖွဲ့ဝင် များက အတင်းအကြပ် စေခိုင်းမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောဆိုထားသည်။