Facts Checking News:
နိုဝင်ဘာ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဗဟို၏အကြံပေး စောထိုဆိုသူမှာ ကော့ကရိတ်မြို့တောင်ပိုင်းတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် နိုဝင်ဘာလ (၁၂)ရက်နေ့ ညပိုင်းက သေဆုံးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်နှင့် လူမှုကွန်ရက် ဖေ့ဘွတ်(ခ်)စာမျက်နှာများတွင် သတင်းအမှားပျံ့နှံ့လျက်ရှိသည်။
အဆိုပါသတင်းကို Subscribe ပြုလုပ်သူ ၇ သောင်း ၆ ထောင်ကျော်ရှိသည့် Positive Angle News (PAN) တယ်လီဂရမ်ချန်နယ်မှ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး ကြည့်ရှုသူ (၁၇,၀၀၀)ကျော်၊ ကြိုက်နှစ်သက်သူ (၄၀၀)ရာကျော်နှင့် ထပ်ဆင့်ပြန်လည်မျှဝေသူ (၂၆)ဦးရှိသည်။
ယင်းသတင်းလင့်ခ်ကို ဖော်ပြပါ (https://archive.ph/3kZuj) တွင် ဖတ်ရှုနိုင်သည်။
ထို့အပြင် အဆိုပါသတင်းကို Subscribe ပြုလုပ်သူ သောင်းမှသိန်းဂဏန်းအထိရှိပြီး လူသိများသော စစ်တပ်ဝါဒဖြန့် မှိုင်းဝေ၊ Snow Queen၊ Saw Ba Maung၊ အထွန်းဖွား အစရှိသည့် တယ်လီဂရမ် ချန်နယ်များတွင်သာမက လူမှုကွန်ရက်စာမျက် ဖေ့ဘွတ်ခ်တို့တွင်လည်း မျှဝေနေကြခြင်းဖြစ်သည်။
ယင်းသတင်းနှင့်ပတ်သက်၍ ကေအိုင်စီ၏သတင်းအချက်လက်စစ်ဆေးသည့် အဖွဲ့မှ စိစစ်ချက်အရ KNU ဗဟိုအကြံပေးပုဂ္ဂိုလ် သေဆုံးသည့်သတင်းမှာ သတင်းအမှားဖြစ်ကြောင်း သိရသည်။
သတင်းအမှားဖြစ်ကြောင်း စိစစ်ချက်
KNU ဗဟိုအကြံပေးအဆင့်ရှိ၍ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ဆရာလည်းဖြစ်သည့် စောထိုမှာ ကော့ကရိတ်နယ်မြေခံစစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်တောင်ပိုင်းရှိ KNU အပါအဝင် (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) PDF များနှင့်အတူရှိနေစဥ် သေဆုံးခဲ့သည် ဟု စောထို၏ မူရင်းဓာတ်ပုံနှင့်တကွ PAN က ရေးသားဖော်ပြထားသည်။
သတင်းနှင့်ပတ်သက်၍ လက်ရှိ KNU ပြောခွင့်ရ ပဒိုစောကလယ်စေးကို ကေအိုင်စီက ဆက်သွယ် အတည်ပြု ရာတွင် စောထိုဆိုသူမှာ KNU အကြံပေးပုဂ္ဂိုလ်မဟုတ်ဘဲ သတင်းအမှားဖြစ်ကြောင်း ယခုလိုပြောသည်။
ပဒိုစောကလယ်စေးက “အဲဒီစောထိုက ကေအဲန်ယူက မဟုတ်ဘူး၊ ကေအဲန်ယူမှာ အကြံပေးပုဂ္ဂိုလ်ရှိ တယ်ဆိုပေမယ့် သူတော့မပါဘူးလေ။ ပြီးတော့ သူက ဟိုးမြောက်ပိုင်း က.လ.လ.တ ဘက်မှာပဲရှိတာ။ ကော့ကရိတ်နဲ့လည်းဘာမှမဆိုင်ဘူး။ ဒါကသတင်းအမှားပါ။” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်တပ်ဝါဒဖြန့်ချန်နယ်တွင် ဖော်ပြထားသည့် စောထို ဆိုသူမှာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး-KNPLF (က.လ.လ.တ)၏ တော်လှန်ရေးသက်တမ်း အနှစ်(၆၀)ကျော်ရှိ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး နိုဝင်ဘာလ(၁၂)ရက်နေ့ က ရုတ်တရတ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲဘော်စောထိုကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ချက်များအရ သိရသည်။
က.လ.လ.တ ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသော ဝမ်းနည်းသဝဏ်လွှာများကို ယခုလင့်ခ် (https://www.facebook.com/permalink.php?story_fbid)) တွင် သွားရောက်ဖတ်ရှုနိုင်သည်။
အလားတူ လွတ်လပ်ပြီးယုံကြည်စိတ်ချရသည့် People’s Spring သတင်းဌာနမှလည်း ယင်းသတင်းအမှားပျံ့နှံ့နေမှုနှင့်ပတ်သက်၍ သတင်းဖော်ပြချက်မမှန်ကန်ကြောင်း အချက်အလက်စစ်ဆေးမှုနှင့်တကွ ဖော်ပြထားသည်။
People’s Spring က အချက်အလက်စစ်ဆေးထားသည့်သတင်းလင့်ခ်ကိုလည်း ဖော်ပြပါ (https://fb.watch/vZd6wlpGr0/) တွင် ဖတ်ရှုနိုင်သည်။
သုံးသပ်ချက်
အဆိုပါသတင်းအမှားတွင် “ဒီနေ့ မနက်ပိုင်းကလည်း ပစ်သံများကြား နေရတယ်” ကော့ကရိတ်ဒေသခံ တစ်ဦးကပြောသည်ဟူ၍ ထည့်သွင်းဖော်ပြထားသော်လည်း ရဲဘော်စောထိုက KNU အကြံပေးပုဂ္ဂိုလ်ဖြစ် ကြောင်းနှင့် လက်နက်ကြီးထိမှန်သေဆုံးကြောင်း ထောက်ခံသည့် ပြောဆိုမှုမျိုးမဟုတ်သဖြင့် ခိုင်လုံအပ်စပ်ခြင်းမရှိပေ။
အထက်ဖော်ပြပါ စိစစ်ချက်များအရ နိုဝင်ဘာလ(၁၂)ရက်နေ့က ရဲဘော်စောထို သေဆုံးခဲ့သည်မှာ မှန်ကန်သော်လည်း ၎င်းမှာ KNU အကြံပေးပုဂ္ဂိုလ်တစ်ဦးမဟုတ်သလို ကော့ကရိတ်မြို့တောင်ပိုင်းတွင် လက်နက်ကြီးထိမှန်သေဆုံးမှုမှာ မှန်ကန်ခြင်းမရှိသော သတင်းအမှား (Disinformation) ဖြစ်ကြောင်း တွေ့ရှိရသည်။
ကေအိုင်စီ၏ ပရိသတ်များအနေဖြင့်လည်း သတင်းအကြောင်းအရာတစ်ခုကို တွေ့ရှိပါက စောလျင်စွာ ယုံကြည် မှုမပြုဘဲ ၎င်းတွင်ပါဝင်နေသည့် ရုပ်ပုံ၊ ရုပ်သံများအား ဂရုပြုလေ့လာခြင်းဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသို့ အတည်ပြုချက်ရယူခြင်း၊ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအား စောင့်ကြည့် အတည်ပြုခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်သည်။
ထို့အတူ ယုံကြည်စိတ်ချရသည့် မီဒီယာများနှင့်တိုက်ဆိုင်စစ်ဆေးခြင်းဖြင့် သတင်းအမှား၊ အမှန်ခွဲခြားနိုင်သလို ကေအိုင်စီ၏ဖေ့ဘွတ်ခ်စာမျက်နှာ (https://www.facebook.com/KICNewsPage) သို့လာရောက်ပေးပို့နိုင်သည်။