နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေအတွင်း အောက်တိုဘာလ တစ်လတာအတွင်း စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော်-KNDO ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပေါင်း (၁၉) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆)ဦး သေဆုံးခဲ့ကြောင်း ခရိုင်၏လချုပ်မှတ်တမ်းအရ သိရသည်။
အောက်တိုဘာ (၃) ရက်မှ (၃၀)ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲပေါင်း (၁၉) ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုအပြင် နောက်ထပ် (၂၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဌာနဆိုင်ရာ အဆောက်အဦး(၁)လုံးနှင့် စစ်သုံးမော်တော်ယာဥ် (၅) စီးလည်းပျက်စီးခဲ့ကြောင်း ထိုမှတ်တမ်းက ဖော်ပြထားသည်။
နှစ်ဖက်တိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့များအား ပြောက် ကျား စနစ်ဖြင့် တိုက်ခိုက်ခြင်း၊ ဒရုန်း၊ လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းတို့အပြင် စနိုက်ပါဖြင့် ပစ်ခတ်ခြင်းစသည့် ပစ်ခတ်မှုပုံစံများဖြင့် တိုက်စစ်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း သထုံခရိုင်၏ မှတ်တမ်းက ဆိုသည်။
ထိုသို့ တိုက်ပွဲအများအပြား ဖော်ဆောင်ရာ၌ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ထိခိုက်သေ ဆုံးမှု မရှိကြောင်း စာရင်းအရသိရသော်လည်း အတည်ပြုနိုင်ရန် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်သည်။
KNU နယ်မြေ ကျိုက်ထို၊ သထုံ၊ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာထက်မနည်း တိုက်ပွဲများဖြစ် ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှု (၁၃) ကြိမ် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ အရပ် သား(၇)ဦး ထိခိုက်ဒဏ်ရာရရှိ၍ အိမ်မွေးတိရစ္ဆာန်နှင့် သီးပင်စားပင်များ ပျက်စီးဆုံးရှုံးမှုရှိကြောင်း KNU သထုံခရိုင်က ဆိုသည်။
ခရိုင်စာရင်းအရ ပြည်သူနေထိုင်ရာကျေးရွာများသို့ အဓိက ပစ်ခတ်လျက်ရှိသည့် စစ်ကောင်စီ တပ်စခန်း များမှာ ကျိုက်ထိုမြို့အခြေစိုက် တပ်မ(၄၄) လက်အောက်ခံခြေမြန်တပ်ရင်း ခမရ-၂၀၇ နှင့် အမြောက် တပ်(၃၁၀)တို့က ဖြစ်ပြီး တိုက်ပွဲမဖြစ်သည့်ရက်များတွင်လည်း ပစ်ခတ်မှုရှိကြောင်း သိရသည်။
တပ်မဟာ (၁) နယ်မြေတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း နှစ်ဖက်တိုက်ပွဲပေါင်း (၂၀) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၃၄) ဦးသေဆုံးပြီး (၄၆) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
တဆက်တည်းတွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဒေသခံ နေအိမ် (၅)လုံး ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ (၁၀) ဦးလည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သထုံခရိုင်၏ ယခင်လမှတ်တမ်းများအရ သိရသည်။