Home သတင်း အောင်ဇေယျစစ်ကြောင်း ရပ်ကွက်ကျေးရွာထဲ လက်နက်ကြီး၊ ဒရုန်းတို့နှင့်တိုက်ခိုက်သဖြင့် အရပ်သားထိခိုက်သေဆုံးမှု ရှိနေ

အောင်ဇေယျစစ်ကြောင်း ရပ်ကွက်ကျေးရွာထဲ လက်နက်ကြီး၊ ဒရုန်းတို့နှင့်တိုက်ခိုက်သဖြင့် အရပ်သားထိခိုက်သေဆုံးမှု ရှိနေ

983
Photo: (ပုံဟောင်း)

နိုဝင်ဘာလ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA မဟာမိတ်တပ်များ ပိတ်ဆို့တိုက်ခိုက်ခံရသည့် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ် အောင်ဇေယျစစ်ကြောင်းများသည် ရပ်ကွက်၊ ကျေးရွာဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုအပြင် ဒရုန်းနှင့် ဗုံးကြဲမှုလုပ်ဆောင်သောကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှုရှိနေကြောင်း ဒေသခံသတင်း အရင်းအမြစ်ထံမှ သိရသည်။

အောက်တိုဘာ ၂၅ ရက်မှ အောက်တိုဘာလကုန်အထိ ကော့ကရိတ် ရပ်ကွက်ကျေးရွာများသို့ လှိုင်ဝ စစ်ကောင်စီ အမြောက်ကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း၊ မြေပြင်စစ်ကြောင်းများက ဒရုန်းဖြင့်ဗုံးကြဲခြင်းတို့ကြောင့် တံတားဦးရပ်ကွက်၊ ရန်ကုတ်ကျေးရွာနှင့် ရေပူကြီးကျေးရွာတို့မှ ဒေသခံများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။

“ ၂၇ ရက်က တံတားဦးကို လက်နက်ကြီး သုံးလုံးကျတာပါ၊ ကလေးကတော့ လက်မောင်းမှာ အစမှန်တဲ့ ဒဏ်ရာ ရတယ်။ ရေပူမှာက ဦးကျော်စွာဦးအသက် ၅၀ ဆုံးတယ်။ ရန်ကုတ်မှာက လူကြီး နှစ်ယောက်ဒရုန်း ဗုံးအစမှန်တယ်။ လှိုင်ဝကပစ်တဲ့လက်နက်ကြီးက ကျောင်းကြီးကျောင်းနားတစ်လုံးကျတယ်။ အရှေ့ပိုင်းမှာ တစ်လုံးကျတယ်။ ကုလယ်ကုန်းပိုင်းမှာတစ်လုံးကျတယ်။ ပြောရမယ်ဆိုရင် နေရာစုံကနေ ကရင်အဖွဲ့ PDF အဖွဲ့တွေဝင်မလာရဲအောင် ပစ်ထုတ်နေတာပေါ့ ”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

၎င်းအပြင် စစ်ကောင်စီက ကျုံဒိုးရေပူ ရွာဘက်သို့ လက်နက်ကြီးများ နှစ်ရက်ဆက်တိုက် ပစ်ခတ်နေသည့်အတွက် ရွာသားများ တိမ်းရှာင်နေထိုင်ရပြီး ဂျိုင်းမြစ်အရှေ့ဘက်ကမ်းရွာများသို့လည်း လက်နက်ကြီး ခြောက်လှန့် ပစ်ခတ်မှုဆက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

Photo: (ပုံဟောင်း)

လတ်တလော ကော့ကရိတ်မြို့အနီးတစ်ဝိုက်ရှိ ရန်ကုတ်၊ ကြောင်လျှာကုန်း၊ ရွာသစ်ကုန်း နှင့်ပ တတန်ကူး ကျေးရွာဘက်များတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေနေ့စဉ် နီးပါးဖြစ်ပွားနေဆဲဖြစ်ပြီး KNLA မဟာမိတ်ပူးပေါင်းတပ်များက အောင်ဇေယျ စစ်ဆင်ရေး ရှေ့တန်း စခန်းကုန်းများကို သိမ်းပိုက်ရှင်းလင်းနိုင်ကြောင်း သိရသည်။

တော်လှန်ရေး စစ်ရေးနယ်မြေသတင်း အရင်းအမြစ်တစ်ခုက “ အာရှလမ်းဘက်တက်တဲ့အောင်ဇေယျစစ်ကြောင်း ရှေ့တန်းစခန်းတွေကတော့ တက်ရှင်းတာ လက်နက်ခဲယမ်းတွေ သိမ်းရတယ်။ ယာယီစစ်စခန်းကိုတော့ ရှင်းတယ်။ စစ်တပ်က ကော့ကရိတ်ဘက်ပြန်ဆုတ် သွားတယ်။ ရန်ကုတ်ဘက်မှာက စစ်တပ်ကရွာကို အကာအကွယ်ယူပြီး တိုက်နေတော့ တိုက်ပွဲဆက်ဖြစ်နေတယ် ”ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီက ကော့ကရိတ်မြို့ကို ပြန်လည်တပ်စွဲနေရာယူပြီး ပစ်ခတ်တိုက်ခိုက် နေသည့်အပြင် မြို့တွင်း ကုန်းအမြင့် ပိုင်းနေရာရှိ ဘုန်းကြီးကျောင်းကုန်းမြင့်များ၊ အခိုင်အမာသာသနိက အဆောက်အဦးရှိသည့် ဘုန်းကြီး ကျောင်းများတွင် စစ်ကောင်စီတပ်နှင့်တပ်မိသားစုဝင်များပါစခန်းချ တပ်စွဲခိုလှုံနေထိုင်နေကြသည့်အတွက် မြို့ခံ ရပ်ကွက်သားများ ပြန်လည်ရှောင်တိမ်းနေထိုင်နေကြရကြောင်း သိရှိရသည်။