နိုဝင်ဘာ ၁၀ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင်၊ ပိုင်ကျုံနှင့် လှိုင်းဘွဲမြို့နယ်တို့တွင် ဒေသခံများမွေးမြူသည့် နွားများ စျေးကွက်မရှိသလို အသားဖော်ရောင်းရာတွင်လည်း စျေးကောင်းမရကြ၍ အရှုံးရင်ဆိုင်နေကြရကြောင်း ဒေသခံ ကျွဲ၊ နွားမွေး မြူသူများက ပြောသည်။
ယခုနှစ် မေလမှစ၍ ကရင်-ထိုင်းနယ်စပ်တွင် နားလည်မှုဖြင့် တင်သွင်းရောင်းချနေသည့် ကျွဲ၊ နွားများကို အဝယ်ရပ်ထားသည့်အတွက် ဒေသအတွင်းရှိ ကျွဲ၊ နွားများကို ငွေကြေးလိုအပ်ချက်များကြောင့် အသားဖော်ရောင်းချကြသော်လည်း အရှုံးများစွာ ဖြစ်ပေါ်နေသည်ဟု ပိုင်ကျုံ ဒေသခံ နွားမွေးမြူသူတစ်ဦးက အခုလို ပြောသည်။
“နွားကို အကောင်လိုက်ရောင်းရင် ဝယ်သူက မရှိလို့ ဖော်ရောင်းတယ်။ အခု က တစ်ပိဿာမှ ခုနှစ် ထောင် (၇,၀၀၀)၊ ရှစ်ထောင် (၈,၀၀၀) ပဲ ရောင်းလို့ ရတယ်။ ပိုရောင်းရင်လည်း မဝယ်ကြဘူး၊ အခု ငွေတန်ဖိုးနဲ့ ဆိုရင် အများကြီးရှုံးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ယခုလိုစျေးကွက်မရှိဘဲ အမဲသားစျေးလည်း ကျဆင်းနေခြင်းကြောင့် ဒေသခံများအနေဖြင့် ငွေကြေး လိုအပ် ချက်များကြောင့် ဒေသပေါက်ဈေးအတိုင်း နွားတစ်ကောင်ကို သုံးသိန်းဝန်းကျင်ဖြင့်သာ အရှုံးခံ ရောင်းချ နေသူများလည်းရှိသည်ဟု ကျွဲ၊ နွားမွေးမြူသည့် ဒေသခံများက ပြောသည်။
ပိုင်ကျုံဒေသခံ အသားရောင်းဆိုင်ရှင် တစ်ဦးက “အခုက အမဲသားက ရောင်းအားမကောင်းတော့ဘူး၊ ပြီးခဲ့တဲ့လ ကတည်းက အမဲသားဆိုရင် ဖောက်သည်ဈေးလည်း ယူမရောင်းရဲတော့ဘူး။ အခုဆိုရင် ပိုတာမှ အများကြီးပဲ အမဲသားက ကြာကြာထားရင် မကောင်းဘူး။ မည်းလာတာ မြန်တယ်။ မည်းရင်ဘယ်သူမှ မဝယ်တော့ အကုန် ရှုံးတယ်“ ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်-ထိုင်းနယ်စပ် လမ်းကြောင်းမှတဆင့် ကျွဲ၊ နွားများ အဝယ် ရပ်တန့်သွားခြင်းသည် ယခုနှစ်အတွင်း ပထမဆုံး အကြိမ်ဖြစ်ပွားခြင်းဖြစ်သည်။ နယ်စပ်သို့ မှောင်ခိုလမ်းကြောင်းမှတဆင့် တင်သွင်းမည့် ကျွဲ၊ နွားများကိုလည်း ပိုင်ရှင်များက ကာလရှည်စွာ ဝယ်ယူမည့် စျေးကွက်ကို စောင့်စားကြသော်လည်း ယနေ့အချိန်ထိ ထိုင်းဘက်ခြမ်းမှ အဝယ်မဖွင့်သောကြောင့် အဆင်ပြေသလို အသားဖော် ရောင်းချကြသလို မိမိနေရပ်သို့ ပြန်သယ်သွားသူ များလည်းရှိသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံများအနေဖြင့် အလုပ်အကိုင်ဝင်ငွေ နည်းပါးလာကြသလို ဒေသတွင်း ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးရေးအတွက် ထိခိုက်မှုများ ကြုံတွေ့ရသည်။ ကြက်၊ ဝက် အစရှိသည့် အိမ်မွေး တိရစ္ဆာန်များလည်း အနာကျသေဆုံးမှုအများအပြား ဖြစ်ပွားသည့်အတွက်ကြောင့် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေသည်ဟု ဒေသခံ များကပြောသည်။



















