Home သတင်း ရထိုက်ကုမ္ပဏီလုပ်ငန်းဖျက်သိမ်းမည့်သတင်း မဟုတ်မှန်ကြောင်း ထိုင်းရှင်းအုပ်စုကုမ္ပဏီ ရှင်းလင်းချက်ထုတ်

ရထိုက်ကုမ္ပဏီလုပ်ငန်းဖျက်သိမ်းမည့်သတင်း မဟုတ်မှန်ကြောင်း ထိုင်းရှင်းအုပ်စုကုမ္ပဏီ ရှင်းလင်းချက်ထုတ်

1025

နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရထိုက်၏ အွန်လိုင်းကုမ္ပဏီအားလုံးကို ယခုနှစ် ၁၀ လပိုင်းအတွင်း အပြီးတိုင်ဖျက်သိမ်းသွားမည်ဆိုသည့် သ တင်းမှာ မဟုတ်မှန်ကြောင်း မြန်မာ-တရုတ်နှစ်ဘာသာဖြင့် ထိုင်းရှင်းအုပ်စုကုမ္ပဏီ(Taixin Group) ၏ ရှင်းလင်း ချက်စာတစ်စောင် ယနေ့ နံနက်တွင် လူမှုကွန်ရက်ပေါ်၌ ပေါ်ထွက်လာသည်။

အောက်တိုဘာလအတွင်း ရထိုက်အွန်လိုင်းလုပ်ငန်းများကို အပြီးဖျက်သိမ်းမည့် သတင်းအမှားများကြောင့် ကုမ္ပဏီဝန်ထမ်းများ ထိတ်လန့်ကြောက်ရွံ့ပြီး အလုပ်ထွက်ချင်သူများ၍ ကုမ္ပဏီမှ နစ်နာမှုများ ဖြစ်လာကြောင်း အဆိုပါ ရှင်းလင်းစာတွင် ရေးသားဖော်ပြထားသည်။

ထို့နောက် ထိုက်ရှင်းကုမ္ပဏီ သူဌေးမှ ရထိုက်သူဌေးထံသို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းရာ ၁၀ ပိုင်းအတွင်း ကုမ္ပဏီဖျက်သိမ်းမည့်ကိစ္စမှာ မဟုတ်မှန်ကြောင်း ရထိုက်၏ တိကျသော အဖြေကို ရရှိခဲ့ကြောင်း နှင့် ကုမ္ပဏီ ဝန်ထမ်းများအနေဖြင့် စိတ်ချလက်ချဆက်လက်လုပ်ဆောင်နိုင်ကြောင်း ရှင်းလင်းချက်စာစောင်တွင် ဆက်လက် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့က ရွှေကုက္ကိုလ်ရထိုက်စုပေါင်းရုံးက ထုတ်ပြန်ထားချက်အရ နိုင်ငံတကာ ဖိအား နှင့် နိုင်ငံတော်၏ တောင်းဆိုမှုကြောင့် ရထိုက်လုပ်ငန်း များအားလုံးကို စက်တင်ဘာလ ၁၅ ရက်နေ့ကစ၍ အကန့် အသတ်မရှိ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့သလို ဝန်ထမ်းများအားလုံးကိုလည်း စက်တင်ဘာ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ပြောင်းရွှေ့ရန် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရထိုက် လုပ်ငန်းများ ဖျက်သိမ်းမည့် ဆိုသည်မှာမဟုတ်မှန်ဘဲ ပြည်ပနိုင်ငံမှ ဝင်လာသည့် တရုတ် နိုင်ငံသားများကို လျှော့ချသွားမည့် အစီအစဉ်သာရှိကြောင်း ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းလုပ်ငန်းများတွင် အစုရှယ်ယာဝင်အဖြစ်ပါဝင်သည်ဟု နာမည်ထွက်ထားသူ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင် တပ်နယ် ၂ ဗျူဟာမှူး ဗိုလ်မှူး စောတင်ဝင်းက ပြောသည်။

၎င်းက “ လုပ်ငန်းတွေရပ်မည်ဆိုတာတော့ တခါမှမကြားမိပါဘူး။ တစ်ခုရှိတာက ဟိုတလောက ဝင်လာတဲ့ တရုတ်တွေကို လျှော့ချမယ်ဆိုတာပဲ ကြားတယ်။ ဘာဖြစ်လဲဆိုတော့ အရင်က သတင်းတွေထွက်လာတာက ဒီမှာ လူတွေလာရောင်းစားတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ မိန်းကလေးတွေကိုရောင်းစားတာလား ပြဿနာတွေ တက် လာတော့ သူတို့ တစ်ခါ ရှင်းပြီးပြီးလေ။ ကျနော်ကိုယ်တိုင်တောင် ဟိုဘက်ကမ်းကို လူတစ်ထောင်လောက် ပြန်ပို့ပေးသေးတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းက BGF မှ အွန်လိုင်းလုပ်ငန်း လုပ်ကိုင် နေသူ နိုင်ငံခြားသားများကို မေလမှ စတင်ပြီး အောက်တိုဘာလအတွင်း ရွှေကုက္ကိုလ်မှ ထွက်ခွာပေးရန် နှင့် စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဟု ထုတ် ပြန်ခဲ့သည်။

သို့သော် လုပ်ငန်းများရပ်ဆိုင်းသွားမည်ဟု ထုတ်ပြန်ချက် သတင်းများ ထွက်ပေါ်လာသော်လည်း ရွှေကုက္ကိုလ် ဒေသတွင် အဆိုပါအွန်လိုင်းလုပ်ငန်းများ၊ ကျားဖြန့်ခေါ် လူလိမ်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသလို လုပ်ငန်းခွင် နေရာများလည်း ဆက်လက် တိုးချဲ့လုပ်ဆောင်နေကြကြောင်း ရွှေကုက္ကိုလ်ဒေသခံများနှင့် အဆိုပါ လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသည့် ဝန်ထမ်းများထံမှ သိရသည်။

ယခုလို ရှင်းလင်းချက် ထုတ်ပြန်လာသည့် ထိုက်ရှင်းအုပ်စု ကုမ္ပဏီမှာလည်း ရထိုက်ကုမ္ပဏီ၏ လုပ်ငန်းစီမံကိန်း အောက်တွင် ပါဝင်လုပ်ဆောင်သည့် ကုမ္ပဏီတစ်ခုဟုတ်၊ မဟုတ် မသိရှိရသော်လည်း မြဝတီမြို့နယ်အတွင်း BGF နှင့် တရုတ်ရာဇဝတ် ဂိုဏ်းခေါင်းဆောင်များ ပူးပေါင်း၍ တရားမဝင် လောင်းကစားလုပ်ငန်းများ၊ လိင်ဖျော်ဖြေ ရေးလုပ်ငန်းများ၊ ကျားဖြန့်ခေါ် လူလိမ်လုပ်ငန်းများကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်းလျက်ရှိသည်။

အဆိုပါ လုပ်ငန်းများတွင်လည်း BGF ၏ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် မိသားစု ဝင် များက အစုရှယ်ယာများထည့်ဝင် ရင်းနှီးမြှုပ်နှံထားကြကြောင်း Justice For Myanmar (JFM)မှ ဖော်ထုတ်ထား သလို အခြားသော BGF ခေါင်းဆောင်များဖြစ်သည့် ဗိုလ်မှူးစောတင်ဝင်းအပါအဝင်၊ တပ်နယ်(၄) တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန်တို့ပါ ပါဝင်ပတ်သက်မှုရှိကြောင်း United States Institute of Peace (USIP) အဖွဲ့က လည်း ဧပြီလ ၂၂ရက်နေ့မှာ ထုတ်ပြန်ထားသည်။

၎င်းအပြင် အဆိုပါ လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် BGF ခေါင်းဆောင်များအနေဖြင့် နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၉၂ သန်း အမြတ်အစွန်းရရှိနေကြောင်း USIP ကထုတ်ပြန်ထားသည်။ ၎င်းတို့လူပုဂ္ဂိုလ်များအပါအဝင် ပါဝင်ပတ်သက်သည့် ပြည်တွင်း ကုမ္ပဏ လုပ်ငန်းများကိုပါ ဗြိတိန်၊ အမေရိကန် နှင့် ကနေဒါ နိုင်ငံများက ပြီးခဲ့ သည့်နှစ် ဒီဇင်ဘာလကတည်းက ဘဏ္ဍာရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည်။

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် နယ်ခြားစောင့်တပ်ဖွဲ့နှင့် ဟောင်ကောင်မှာ မှတ်ပုံတင်ထားသည့် တရုတ်ကုမ္ပဏီ ” ရထိုက်” နိုင်ငံတကာ ဦးပိုင်အုပ်စု (Yatai International Holdings Group) က ၂၀၁၇ ခုနှစ်တွင် စတင်ပူးပေါင်း အကောင်အထည်ဖော်လုပ်ဆောင်ကြခြင်းဖြစ်သည်။