Home သတင်း မထောစစ်ကောင်စီ တပ်စခန်း KNLA တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

မထောစစ်ကောင်စီ တပ်စခန်း KNLA တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

756
Photo: KNLA

နိုဝင်ဘာလ ၂၂ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

မူတြော် (ဖာပွန်) ခရိုင်၊ ဘူးသိုမြို့နယ်ရှိ မထောအခြေစိုက် စစ်ကောင်စီတပ်စခန်းအား ယနေ့နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် ၇ နာရီခွဲကျော်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့က အလုံးစုံသိမ်းပိုက်ရရှိပြီး လက်နက်အမြောက်အများ သိမ်းဆည်းရမိကြောင်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။

စခန်းသိမ်းဆည်းရရှိခြင်းနှင့်ပတ်သက်၍ KNLA တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ” ၁၉(နိုဝင်ဘာ)ရက်ကတည်းက စတိုက်တယ်။ ဒီနေ့ကတော့ အလုံးစုံ ရှင်းလင်းမှုလုပ်ဆောင်နိုင်ခဲ့တယ်။ “ဟု ကေအိုင်စီသို့ အတည်ပြု ပြောသည်။

စစ်ကောင်စီအတွက် မဟာဗျူဟာကျသည့် မထောစစ်စခန်းတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၈)လက်အောက်ခံ ခြေမြန်တပ်ရင်း -ခမရ-၄၀၇၊ ခမရ-၄၀၈နှင့် ခမရ-၄၀၄ တို့ တပ်ရင်း ၃ ရင်းမှ တပ်အင်အား ၆၀ ကျော် အခြေချတပ်စွဲထားလျက်ရှိသည်ဟု ကေအဲန်ယူ မူတြော်ခရိုင်က ပြောသည်။

Photo: KNLA

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် လက်နက်သိမ်းဆည်းရရှိမှုစာရင်းအချက်အလက်အသေးစိတ်ကို ဆက်လက်ထုတ်ပြန်မည်ဟုလည်း မူတြော်ခရိုင် သတင်းစဉ်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင်လည်း မူတြော်(ဖာပွန်)ခရိုင်၊ ဘူးသိုမြို့နယ်ရှိ တပ်ဖွဲ့ဝင်အင်အား ၁၂၀ ကျော်တပ်စွဲနေထိုင်သော စစ်ကောင်စီတပ် ခေါပုတ်စစ်စခန်းကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိသေးသည်။