Home သတင်း တိုက်ပွဲ ရက်ရှည်လာ၍ ပုလော စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကူအညီ လိုအပ်

တိုက်ပွဲ ရက်ရှည်လာ၍ ပုလော စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကူအညီ လိုအပ်

606

နိုဝင်ဘာ၂၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ နှစ်ဖက်တိုက်ပွဲ ရက်ရှည်ဖြစ်ပွားနေ၍ ဒေသတွင်း စစ်ဘေးရှောင် ဒေသခံများအတွက် စားနပ်ရိက္ခာအကူညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင် အနီးကပ် ကူညီသူများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့မှ စတင်ပြီး ပုလောမြို့နယ် ကြဲရွာအနီးတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန် နေသလို စစ်ရေးအရတင်းမှုဆက်ဖြစ်နေသည့်အတွက် ကျေးရွာရှိ ဒေသခံထောင်ချီတို့ ဘေးလွှတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင်အနီးကပ် ကူညီနေသူတစ်ဦးက ယခုလိုပြောသည်။

“တိုက်ပွဲက အခုချိန်ထိဖြစ်နေသေးတော့ ဒေသခံတွေမပြန်ရဲကြသေးဘူး။ ခါတိုင်းက တိုက်ပွဲဖြစ်ပြီးရင် နေ့ဘက် ပြန်တယ်။ ညဘက် လာပြန်ရှောင်ကြတယ်။ အခုက ရက်ရှည်ဖြစ်နေတယ်။ ပြီးတော့ ပင်လယ်ထဲထွက်ဖို့က စစ် သင်္ဘောတွေ ပတ်ပတ်လည်တွေရှိနေတဲ့အတွက် အစားအသောက်ရှာရတာ ပိုခက်ခဲတယ်” ဟု ကေအိုင်စီသို့ ပြော သည်။

သုတေသနအဖွဲ့တစ်ခုဖြစ်သည့် FE5 Tanintharyi ၏ လစဉ်အစီရင်ခံစာများအရ ပုလောမြို့နယ်အတွင်း စစ်ဘေး ရှောင်စုစုပေါင်း ၁၆,၂၀၀ ဦးကျော် အထိရှိပြီး ၎င်းအထဲမှ စစ်ဘေးရှောင်၂၇,၀၀ ဦးကျော်သည် အမြဲတမ်း စစ်ဘေး ရှောင်များ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုလောမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၅ ရွာ ထက်မနည်းရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် နေရာများကို နယ်မြေစိုးမိုးမှုပြန်လည် ရရှိနိုင်ရေးအတွက် နေရာအနှံ့ ကင်းပုန်းဝပ် နေရာယူခြင်းများ လုပ်ဆောင်နေသည့်အတွက် ဒေသခံများအနေဖြင့် နေရပ်သို့ပြန်လည် နေထိုင် နိုင်ရန်အတွက် အခက်အခဲများရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

“အခုချိန်မှာကတော့ ဒေသခံတွေအနေနဲ့ နေရပ်ပြန်ဖို့မဖြစ်နိုင်သေးပါဘူး။ စစ်တပ်က နယ်မြေတွေကို ပြန်လည် ရရှိနိုင်ဖို့အတွက် နေရာအနှံ့မှာရှိနေတယ်။ တိုက်ပွဲတွေကတော့ ဆက်ဖြစ်ဖို့ အခြေနေမှာရှိနေပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို တိုက်ပွဲများဆက်လက်ဖြစ်ပွားပြီး ရက်ရှည်လာပါ စစ်ဘေးရှောင်များအနေဖြင့် စားနပ်ရိက္ခာ အခက်အခဲ များအပြင် ဆေးဝါးလိုအပ်ချက်နှင့် နေရာထိုင်ခင်း အခက်အခဲလိုအပ်ချက်များ ပိုမိုများပြားလာနိုင်ကြောင်း စစ်ဘေးရှောင်ကူညီသူများက သုံးသပ် ပြောဆိုသည်။