နိုဝင်ဘာ ၁၃ ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီ တိုင်းဒေသကြီးအတွင်းသို့ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များကို သွားရောက်တပ်ချ ထားခြင်း မရှိဟု BGF တပ်နယ်(၂)ဗျူဟာမှူး၊ ဗိုလ်မှူးကြီး စောတင်ဝင်းက ကေအိုင်စီသို့ ပြောသည်။
လတ်တလော တနင်္သာရီတိုင်းဒေသကြီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ အကြား တိုက်ပွဲများတွင် BGF ပါဝင်သည်ဟု သတင်းထွက်ပြောဆိုနေမှုများအပေါ် ၎င်းက ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။
“အဲ့ဒီဘက်မှာ ဘယ်လိုသွားလို့ရမှာလဲ၊ စစ်ကောင်စီကခွင့်ပြုမှာ မဟုတ်ဘူး။ BGF အဖွဲ့က ကော်သူးလေနဲ့ အတူတူပဲ။ အဲ့ဘက်မှာသွားရင် စစ်ကောင်စီက တားဆီးမှာ။ ပေးသွားမှာ မဟုတ်ဘူး။ မော်လမြိုင်အထိပဲ သွားရင် တောင်မှကြိုပြီး သတင်းပို့ပေးရတယ်။ လူအင်အားများများ ပေးမသွားဘူး။ ဘိတ်-ထားဝယ် ဘက်မှာဆိုပိုဆိုး”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမှတ် (၈) ပြည်ထောင်စုလမ်းကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် နည်းလမ်းပိုင်းစုံဖြင့် စစ်ရေးလှုပ်ဆောင်လျက်ရှိနေပြီး အဆိုပါစစ်ကြောင်းများအတွင်း BGF တပ်များလည်း ပါဝင်နေသည်ဟု ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း (၇)၊ တပ်ခွဲ(၅) တပ်ခွဲမှူးက ပြောဆိုသည်။
“BGF တွေ ရောက်လာတဲ့ အချိန်ကိုတော့ သေချာမသိဘူး၊ ဒါပေမဲ့ စစ်ကြောင်းထိုးတဲ့ အချိန်မှာ BGF တပ်သားတွေ ပါလာတာတော့ ကြားတယ်။ သူတို့ စစ်ကြောင်း ထိုးလာတာတော့ ၅ ကြောင်းလောက်ရှိတယ်။ အမှတ်-၈ ပြည် ထောင်စု လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ရေးလှုပ်ရှားတာတွေရှိတယ်။ ပြီးတော့ကျနော်တို့ မဟာမိတ်တွေနဲ့ ပြန်တွေ့တဲ့အချိန်မှာလည်း သူတို့ကပြန်ပြောတယ် BGF တွေ ပါလာတယ်ဆိုပြီး။ ရေကြောင်း ကနေပြီးတော့ လာတာတွေရှိတယ်။ ကုန်းကြောင်းလည်းပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ယခုလို တနင်္သာရီတွင် စစ်ကောင်စီစစ်ကြောင်းထိုးမှုများတွင် BGF ပါဝင်သည်ဟု ပြောဆိုမှုများသည် ပြည်သူ့စစ်နှင့် BGF စစ်ဝတ်စုံ လက်မောင်းတံဆိပ် ဆင်တူနီးပါး ဖြစ်နေ၍ သေချာမကြည့်ပါက ခွဲခြားရန် ခက်ကြောင်း၊ ထို့ အတွက် ပြည်သူစစ်များသာဖြစ်နိုင်သလို တချို့ရေးသားပြောဆိုနေမှုများသည် စိစစ်မှုမရှိ၍ ဖြစ်သည်ဟု BGF ဗိုလ်မှူးကြီး စောတင်ဝင်းက ဖြည့်စွက်ပြောသည်။
၎င်းအပြင် ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင်တွင်လည်း ထားဝယ်မြို့၊ မောင်မယ် ရှောင်မယ်ကျေးရွာတွင် အင်အား ၃၀ ဦးကျော်ခန့်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာသို့ ပြည်သူ့ ကာကွယ်ရေး တပ်များက အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၄ နာရီ ကြာမြင့်ပြီးနောက် စခန်းအဆောက် အအုံအတွင်း BGF ယူနီဖောင်းများတွေ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်ပြောဆိုထားသည်။



















