နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်းစီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅) ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်ရှိ စစ်ကောင်စီ၏ ကူးဆိပ်တံတားလုံခြုံရေး စခန်းကို KNU တပ်မဟာ (၅) နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက လက်နက်ခဲယမ်းများ နှင့်အတူ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ စုစုပေါင်း (၈) ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။
နှစ် ၇၀ ကြာ တပ်စွဲထားသော အဆိုပါ စစ်ကောင်စီစခန်းကို နိုဝင်ဘာလ (၆) ရက်နေ့တွင် KNU တပ်မဟာ (၅) နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက စတင်တိုက်ခိုက်ပြီး နိုဝင်ဘာလ (၉) ရက်နေ့တွင် တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးငယ်များ၊ ဒရုန်းဖြတ် ဂျယ်မာများ ၊ ခဲယမ်းများကို KNLA ပူးပေါင်းတပ်မှ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈) ဦး သေဆုံးခဲ့သည်ဟု တပ်မဟာ (၅) ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ ကူးဆိပ်စခန်းက စစ်တပ်က နေရာယူ တပ်စွဲထားတဲ့ သက်တမ်းရင့် စခန်းဖြစ်တယ်။ နိုဝင်ဘာလ ၆ ရက်နေ့ မှာ တပ်မဟာ ၅ ကစစ်သားတွေ စုပြီး စပစ်တယ်။ စပစ်တော့ ၉ ရက်နေ့ ညနေ ၄ နာရီမှာ တပ်မဟာ ၅ က ဖာပွန်တပ်ရင်းတွေက ကူးဆိပ်ကို တက်သိမ်းတယ်။ “ ဟု တပ်မဟာ (၅) ပြောရေးဆိုခွင့် ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ ကူးဆိပ်လုံခြုံရေးစခန်းကို စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ- ၄၀၆) မှ တပ်ဖွဲ့ဝင်များ တပ်စွဲထားခြင်း ဖြစ်ပြီး ၁၉၄၅-၅၅ ခုနှစ် ဝန်းကျင်ကတည်းက အထိုင်ချထားသော တပ်စခန်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း KNU ပူပေါင်းတပ်မှ တပ်ဖွဲ့ဝင် (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု တပ်မဟာ (၅) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် လတွင်လည်း ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်၏ အရေးပါသော ခေါပုတ်စခန်းကို KNU ပူးပေါင်း တပ်က လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ ကျော်နှင့် ခဲယမ်းမီးကျောက်အများအပြား ဖြင့် သိမ်းပိုက်နိုင်ခဲ့သေးသည်။



















