Home သတင်း အာယုတောင်ကျေးရွာတွင် ပြည်သူ့စစ်ခေါင်းဆောင်လင်းဦး ပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရ

အာယုတောင်ကျေးရွာတွင် ပြည်သူ့စစ်ခေါင်းဆောင်လင်းဦး ပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရ

554
Photo- Social Media

နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အယုတောင်ကျေးရွာတွင် ယနေ့နံနက် ၈နာရီဝန်းကျင်က ရေးဘီလူးတပ်ဖွဲ့ဝင်များဝင် ရောက် ပစ်ခတ်မှုလုပ်ဆောင်သဖြင့် ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး)ခေါင်းဆောင် လင်းဦးဆိုသူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဝင်ရောက်ပစ်ခတ်မှုတွင် ပျူစောထီးအဖွဲ့ဝင် ၆ ဦး ပွဲချင်းပြီး သေဆုံးပြီး စစ်ကောင်စီတပ်အတွက် အရေး ပါသူ ပျူစောထီးခေါင်းဆောင်လင်းဦးဆိုသူမှာ ပြင်းထန်စွာ ဒဏ်ရာရရှိနေကြောင်း ရေးဘီလူးခေါင်းဆောင်က ယခုလို အတည်ပြုပြောသည်။

“ဒီနေ့မနက် အာယုတောင်ကျေးရွာထဲ ပျူစောထီး အသွင်ပြောင်းလင်းဦးကို ကျနော်တို့ ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရှင်းလင်းတယ်။ သူ့ရဲ့နောက်လိုက်ရဲဘော် ၆ ယောက်လောက် တစ်နေရာထဲမှာ ကျတယ်။ သူက လည်ပင်းတွေ၊ ဗိုက်တွေ လက်တစ်ဖက်ကြေပြီး ပြင်းထန် ဒဏ်ရာနဲ့ဆေးရုံရောက်နေတယ်”ဟု ရေးဘီလူး ခေါင်းဆောင်က ကေအိုင်စီသို့ ပြောသည်။

ပျူစောထီးခေါင်းဆောင် လင်းဦးသည် စစ်ကောင်စီတပ်မှ လုပ်ပိုင်ခွင့်အာဏာအပြည့်နှင့် ကိုယ်ပိုင်ဂိတ်များ ထောင် ထားသူဖြစ်ပြီး တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ(EROs) အလိုရှိသူတစ်ဦးလည်း ဖြစ် ကြောင်း ရေးဘီလူးခေါင်းဆောင်က ဆက်ပြောသည်။

ထို့အပြင် ပြည်သူ့စစ်ခေါင်းဆောင်လင်းဦးသည် ရေးမြို့နယ်တွင် တပ်ဖွဲ့ဝင်အများအပြား ဖြန့်ကျက်ချထားကာ လောင်းကစားကြေး၊ ဂိတ်ကြေးများ ကောက်ခံလျက်ရှိကြောင်းလည်း အမည်မဖော်လိုသူ ဒေသခံ ရွာသားတစ်ဦးကလည်း ကေအိုင်စီသို့ ပြောသည်။

၎င်းက ” ရေးမြို့နယ်မှာ သူက လုပ်နိုင်စွမ်းရှိတဲ့သူ ဖြစ်တယ်။ သူ့လူတွေလည်း အများကြီးရှိတယ်။ လောင်းကစားကြေးကောက်တာ ဂိတ်ထောင်ပြီး ကားတွေဆီက ပိုက်ဆံကောက်တာကသူ့လူတွေပဲ”ဟု ပြောသည်။

အဆိုပါ အာယုတောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း(ခမရ-၅၈၇)နှင့် ခြေလျင်တပ်ရင်(ခလရ-၃၄၃) တပ်ဖွဲ့ဝင်များအပြင် လင်းဦးဆိုသူ ဦးဆောင်သည့် ပြည်သူ့စစ်ဂိတ်စခန်းများလည်း အခြေချတပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။