Home ဆောင်းပါး အာဆီယံနှင့် နိုင်ငံတကာသို့ K2C၊ NUG တို့ ပေးလိုသော သတင်းစကားများ

အာဆီယံနှင့် နိုင်ငံတကာသို့ K2C၊ NUG တို့ ပေးလိုသော သတင်းစကားများ

228

အာဆီယံနှင့် နိုင်ငံတကာသို့ K2C၊ NUG တို့ ပေးလိုသော သတင်းစကားများ

(နိုဝင်ဘာ ၈ ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ)

K2C၊ NUG ဟု အတိုကောက်ခေါ်ဆိုသည့် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုး တက်ရေး ပါတီ-KNPP ၊ ချင်းအမျိုးသားတပ်ဦး-CNF နှင့် အမျိုးသားညီညွတ်ရေး အစိုးရ-NUG တို့က နိုဝင်ဘာလ ၅ ရက်တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို K2C နှင့် NUG တို့ ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဘုံသဘော ထား ရပ်တည်ချက်နှင့် ပတ်သက်၍ ၁၀ လအတွင်း ဖြစ်ပေါ်တိုးတက်မှုများအပေါ် ရှင်းလင်း ပြောကြားရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။

ထူးခြားမှုအနေဖြင့် စစ်ကောင်စီခေါင်းဆောင် အာဏာသိမ်းမှု ပြုလုပ်ပြီး ပထမဆုံးအကြိမ် တရုတ်နိုင်ငံခရီးစဉ် သွားရောက်သည့်အချိန်နှင့် အဆိုပါ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့်နေ့တို့ တိုက်ဆိုင်နေသည်ကို တွေ့ရသည်။

သတင်းစာရှင်းလင်းပွဲတွင် NUG၊ K2C တို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လုပ် ဆောင်နေမှု၊ ဖြစ်ပေါ်တိုးတက်မှု၊ စစ်ရေး၊ နိုင်ငံရေး အဖြေရှာရေး ပဋိပက္ခလမ်းစအပေါ် အမြင်သဘောထားများ ရှင်းလင်းပြောဆိုခဲ့သလို အထူးသဖြင့် နိုင်ငံတကာနှင့် အာဆီယံတို့ကို ၎င်းတို့၏ သဘောထားရပ်တည်ချက်၊ တိုက်တွန်းချက် အဓိက ၃ ချက်ကို ပြောဆိုခဲ့သည်ကို တွေ့ရသည်။

“တောလှန်ရေးမှာ ပါဝင်သူများဟာ ပထဝီနိုင်ငံရေးရဲ့ ချောက်ထဲကိုမကျဖို့လည်း သတိထားဆင်ချင်ကြရမှာ ဖြစ် သလို မိမိလိုချင်တဲ့ ပန်းတိုင်ရောက်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ ကျနော်တို့ကို စာနာထောက်ထား ကြတဲ့ နိုင်ငံများအပါအဝင် နိုင်ငံတကာဟာ မြန်မာ့အရေးဟာ ရှုပ်ထွေးပွေလီတယ်လို့ သတ်မှတ်ပြီး အာဆီယံလုပ်ဆောင် ချက်တွေကိုပဲ စောင့်ကြည့်နေကြတာဖြစ်ပါတယ်” ဟု ပဒိုစောတာဒိုမူးက ပြောကြားသည်။

NUG နှင့် K2C တို့ နိုင်ငံတကာနှင့် အာဆီယံသို့ သတင်းစကားပါးတောင်းဆိုလိုက်သည့် ပထမတစ်ချက်မှာ စစ် ကောင်စီ၏ အကြမ်းဖက်မှုကို အားပေးရာရောက်သည့် လေယာဉ်ဆီ၊ လက်နက်ခဲယမ်း၊ မီးကျောက်များ ရရှိ နေမှုကို ဝိုင်းဝန်းပိတ်ပင်ပေးရန် ဖြစ်သည်။

စစ်ကောင်စီ အာဏာသိမ်းမှုပြုလုပ်ပြီးစအချိန် ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ အာဆီယံက မြန်မာ့အရေးအရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးကို ထိုစဉ်က စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် မြန်မာ့နိုင်ငံရေး ပြဿနာ ဖြေရှင်းရန် အာဆီယံက ဘုံသဘောထား ၅ ချက်ကို ထုတ်ပြန်ခဲ့သည်။

ထို ၅ ချက်တွင် ပထမတစ်ချက်သည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားရန် ဖြစ်သည်။ သို့သော် သုံးနှစ်ခွဲကျော်ကြာချိန်ထိ မြန်မာတွင် အကြမ်းဖက်မှု များရပ်တန့်ခြင်းမရှိဘဲ ပို၍ပို၍ ဆိုးရွားလာနေသည်။

“ပထမဆုံး အချက်ဖြစ်တဲ့ ဒီအကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ကို ကြည့်မယ်ဆိုရင်တော့ စစ်တပ်ဟာ ဘယ်အရာကို မှ ဂရုမစိုက်ပဲနဲ့ ဗမာပြည်သူပြည်သားတွေ အားလုံးအပေါ်မှာ လုံးဝဥဿုံ စစ်ပွဲလို့ခေါ်တဲ့ အရှိန်အဟုန်နဲ့ လုပ်ပြီးတော့ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာဆိုရင် မြို့နယ်တွေရဲ့ ၇၁ ရာခိုင်နှုန်းဟာ လက်နက်ကိုင် ပဋိပက္ခရဲ့ အရှိန်ပြင်းထန်မှု သူ့ရဲ့ဒဏ်ကို ပြင်းထန်စွာခံစားနေရပါတယ်” ဟု ကေအဲန်ယူ၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောသည်။

၎င်းအပြင် စစ်တပ်က အာဏာသိမ်းမှု ပြုလုပ်ပြီးနောက် ၂၀၂၁ မတ်လမှစ၍ ၂၀၂၄ ဩဂုတ်လအထိ တစ်နိုင်ငံလုံးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၅၀၄၃ ကြိမ် ပြုလုပ်ခဲ့သည်။ ကရင်နီပြည်နယ်တစ်ခုတည်းသို့ ၁၇၈၅ ကြိမ်ထိ ပြုလုပ်ခဲ့ကြောင်း ၎င်းက ထောက်ပြသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများသည် စစ်တပ်ကသာ ပြုလုပ်နေခြင်းဖြစ်ပြီး နိုင်ငံ တကာနှင့် အာဆီယံအနေဖြင့် အကြမ်းဖက်မှုများ လျှော့ချစေရန်အတွက် ကုလ၊ နိုင်ငံတကာနှင့် အာဆီယံတို့က စစ်ကောင်စီကို ထောက်ပံ့ပြုလုပ်နေသည့် နိုင်ငံများကို မပြုလုပ်နိုင်အောင် ဝိုင်းဝန်းပိတ်ဆို့ ပေးရန် K2C နှင့် NUG တို့က တိုက်တွန်းပြောဆိုသည်။

ဒုတိယအချက်အနေဖြင့် လူသားချင်းစာနာထောက်ထားသည့် အကူအညီပေးရေးနှင့် ပတ်သက်၍ NUG နှင့် K2C တို့က အာဆီယံနှင့်နိုင်ငံတကာသို့ နယ်စပ်ဖြတ်ကျော်အကူအညီပေးရန်နှင့် ၎င်းတို့နှင့်လည်း ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်မှသာ ပိုမိုထိရောက်မည်ဖြစ်သည်ဟု သတင်းစကားပါး ပြောဆိုသည်။

“မြန်မာနိုင်ငံမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်ဆိုတာ ဘယ်လိုမှ ငြင်း လို့ မရပါဘူး။ ဒါတွေကလည်း EROs နဲ့ NUG ရဲ့ ထိန်းချုပ်မှုအောက်မှာလည်း ရှိနေတယ်ဆိုတာလည်း ဘယ်လိုမှ ငြင်းလို့ မရပါဘူး” ဟု ပဒိုစောတာဒိုမူးက သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

မြန်မာအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရန်ကိစ္စသည် အာဆီယံ၏ ဘုံသဘောထား တွင်လည်းပါရှိသည့် အချက်ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေသည်။ ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကလည်း ထို အချက်ကို မကြာခဏထုတ်ပြောနေပြီးရလာသည့် အကူအညီများပေးပို့လျက်ရှိသည်။

ထိုသို့ နိုင်ငံတကာက လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးရာတွင် ထိရောက်မှု ရှိမရှိအပေါ်၊ စောင့်ကြည့်လေ့လာခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် စသည့်ယန္တရား (Mechanism) လိုအပ်နေသည်ဟု K2C နှင့် NUG တို့က ထောက်ပြသည်။

“Mechanism (ယန္တရား) မရှိဘဲနဲ့ ဒီအတိုင်းပေးအပ်နေခြင်းဟာ စစ်ကောင်စီကို လူသားချင်းစာနာထောက်ထား မှု အကူအညီတွေကနေ နိုင်ငံရေးအရ သုံးချဖို့ ဖန်တီးဖြစ်ပေါ်နေစေလို့ ဖြစ်ပါတယ်” ဟု ပဒိုစောတာဒိုမူးက ပြောသည်။

ထို့အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများအား သက်ဆိုင်ရာက လိုက်နာလုပ်ဆောင်ရမည့် နည်း လမ်းများနှင့် လုပ်ငန်းစဉ်တစ်ခုလုံးပါဝင်သည့် ယန္တရားဖြစ်ရန်တောင်းဆိုကြောင်း K2C နှင့် NUG တို့၏ ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပဒိုစောတာမူးက ပြောသည်။

NUG နှင့် K2C တို့ နိုင်ငံတကာနှင့် အာဆီယံသို့ တောင်းဆိုတိုက်တွန်းချက် တတိယအချက်မှာ မြန်မာ့ပဋိပက္ခ အတွက် အားလုံးပါဝင်တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်၍ ၎င်းတို့ အမြင်နှင့် ရပ်တည်ချက်တို့ ဖြစ်သည်။

“ASEAN’s Five Point Consensus ထဲမှာ ထည့်သွင်းထားတဲ့ ဒီအားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှုများ Inclusive dialogue နဲ့ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ နိုင်ငံရေး အရသဘောတူညီပြီး ပြေလည်မှု ရရှိဖို့ အတွက် နည်းလမ်းရှာဖွေတဲ့ နေရာမှာ Sustainable solution လို့ခေါ်တဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ အဖြေကိုရရှိဖို့ တွေ့ဆုံ ဆွေးနွေးပွဲတွေကတော့ လိုအပ်ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပဒိုစောတာဒိုမူးက ပြောသည်။

ရေရှည်တည်တံ့ခိုင်မြဲသည့် အဖြေရရန် ဘုံနိုင်ငံရေး ရည်မှန်းချက်ကို ညှိနှိုင်းကြရန် ပထမဦးဆုံးလိုအပ်သည်။ ထိုတွေ့ဆုံဆွေးနွေးမှုသည် Stakeholder များဦးဆောင်သည့် လုပ်ငန်းစဉ်ဖြစ်ရန်နှင့် စစ်အာဏာရှင် စနစ်နှင့် ဗဟို ချုပ်ကိုင်မှုစနစ်ကို နောက်ပြန်မလှည့်သည့် ပြည်သူတို့ လိုလားချက်နှင့် ကိုက်ညီသည့် ဘုံနိုင်ငံရေးရည်မှန်း ချက်များရရှိအောင် တော်လှန်ရေးအင်အားစုများကြား ဆွေးနွေးမှုကို အာဆီယံအဖွဲ့သော်လည်းကောင်း၊ အဖွဲ့ဝင် တစ်နိုင်ငံကသော်လည်းကောင်း အကျိုးဆောင်ပေးရန် K2C နှင့် NUG တို့က ပြောသည်။

“ရေတိုဖြေရှင်းမှုသာဖြစ်ပြီး အားလုံးပါဝင်နိုင်မှုမရှိသော၊ ရေရှည်တည်တံ့ခိုင်မြဲမှုကို မဦးတည်သော၊ ညှိနှိုင်း ဆောင်ရွက်မှုမပါဝင်တဲ့ သီးသန့်လုပ်ငန်းစဉ်တွေကို ကမကထ ပြုလုပ်ခြင်း၊ ထောက်ခံကူညီခြင်းတို့ကို ရှောင်ကျဉ် သွားဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်” ဟု KNU အထွေထွေအတွင်းရေးမှူးချုပ်က ပြောသည်။

ထိုသို့ ပြောဆိုခြင်းသည် လာမည့် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံက မြန်မာ့အရေးဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန် စီစဉ် နေမူအပေါ် K2C နှင့် NUG တို့က ၎င်းတို့ ရပ်တည်ချက်အမြင် သဘောထားကို ယခုလို တုံ့ပြန်သည်ဟု မှတ်ယူ နိုင်သည်။

ထို့အပြင် နိုင်ငံရေး ပြဿနာပြေလည်ရေးကို ရည်ရွယ်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် လက်တွေ့ကျ ကျအထောက်အကူဖြစ်မည့် အခြေအနေပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာစေရန် နည်းလမ်းရှာကြံသွားကြရမည်ဟု ၎င်းတို့က ပြောသည်။

“Conflict resolution ခေါ်တဲ့ ပြဿနာဖြေရှင်းရေးနည်းလမ်းဟာ စစ်တပ်လို Stakeholder မျိုးနဲ့ မြန်မာနိုင်ငံရဲ့ နှစ်ရှည်လများ မဖြေရှင်းနိုင်တဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကိုဖြေရှင်းဖို့ လုံလောက် မှုမရှိပါဘူး။ အဖြေ ရဖို့လောက်ပဲ ဦးတည်တဲ့ Negotiation ကတော့ အချိန်မရွေးကတိချိုးဖောက်တတ်တဲ့ စစ်တပ်နဲ့ မကိုက်ညီဘူး ဆိုတာကို သမိုင်းက သက်သေပြပြီး ဖြစ်ပါတယ်”ဟု သတင်းစာရှင်းလင်းပွဲတွင် ပဒိုစောတာဒိုမူးက ပြောသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်ကို ထုတ်ပြန်ထားခြင်းသည် အာဆီယံဘုံသဘော တူညီမှု အချက် ၅ ချက်ကို မလုပ်တော့ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်ဟု K2C နှင့် NUG တို့က မှတ်ယူထားသည်။ စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရက်တွင် အဆိုပြုထားသည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် ပဋိပက္ခများကို ပိုပြင်းထန်လာစေပြီး တည်ငြိမ်မှုနှင့်ငြိမ်းချမ်းရေးကို ယူဆောင်ပေးနိုင်မည်မဟုတ်ဟု K2C နှင့် NUG က ပြောသည်။

K2C နှင့် NUG တို့က အာဆီယံနှင့် နိုင်ငံတကာသို့ မြန့်မာပဋိပက္ခ ဖြေရှင်းရေးတွင် အကြမ်းဖက်မှုလျှော့ချရေး၊ လူသားချင်းစာနာမှု အကူအညီ ပေးရေးနှင့် အားလုံးပါဝင်သည့် ဆွေးနွေးပွဲ စသည့် အဓိက အချက် ၃ ချက်နှင့် ပတ်သက်၍ ၎င်းတို့၏ အမြင်၊ သဘောထား၊ တောင်းဆိုချက်များကို အကျယ်တဝင့်ပြောဆိုခဲ့သလို မြန်မာ့အရေးသည် တစ်ကမ္ဘာလုံး၏ လုံခြုံရေးပိုင်းကို ခြိမ်းခြောက်နေပြီးဖြစ်သည်ဟု သတင်းစကားပါးပြောဆိုထားသည်။

“နိုင်ငံတကာနဲ့ ပတ်သက်လို့ ကျနော်မေ့ဆေ့ချ်ပေးချင်တာက မြန်မာနိုင်ငံမှာ စစ်တပ်အုပ်စိုးနေသမျှက ဒီခြစား လာဘ်စားတဲ့ ကိစ္စတွေကြောင့် တရားဥပဒေမစိုးမိုးတဲ့ အခြေအနေအောက်မှာ အဲ့ဒီရဲ့အကျိုးဆက်တွေက တကမ္ဘာ လုံး Non-security threat(လုံခြုံရေးပိုင်း ခြိမ်းခြောက်)ကို ပေးနေတာဖြစ်ပါတယ်။ အဲ့တော့ တကမ္ဘာလုံးက နေပြီး တော့ မြန်မာနိုင်ငံကနေထုတ်ဖော်လိုက်တဲ့ Non-security threat ကို သတိမထားမိဘူးဆိုရင် သတိထားမိတဲ့ အချိန်ကျ ရင်နှောင်းသွားပါလိမ့်မယ်” ဟု ပဒိုစောတာဒိုမူးက ပြောသည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး၌ အဆိုပြု ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက် ၂၆၆၉ ကို အသက်ဝင်လှုပ်ရှားဖြစ်အောင် ဝိုင်းဝန်းကြိုးစားသွားရန် တိုက်တွန်း ပြောဆိုလိုက်သေးသည်။

ယခု ဘုံသဘောထားရပ်တည်ချက်များကို ပြည်သူများသိရန်နှင့် နိုင်ငံတကာတွင် စည်းရုံးလှုံ့ဆော်နေသည့် ခေါင်းဆောင်များသိရှိကာ လိုက်လျောညီထွေမှုရှိသည့် နည်းလမ်းများဖြင့် ပန်းတိုင်တစ်ခုတည်းသို့ ဦးတည်နိုင်ရန် ရှင်းလင်းပြောဆိုခြင်းဖြစ်သည်ဟု K2C နှင့် NUG က ပြောဆိုထားသည်။