Home သတင်း ဘုရားသုံးဆူတွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား၊ အမှုမှန်ပေါ်ပေါက်ရန် စစ်ဆေးနေ

ဘုရားသုံးဆူတွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား၊ အမှုမှန်ပေါ်ပေါက်ရန် စစ်ဆေးနေ

914
Photo: CJ

နိုဝင်ဘာ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ-၆ နယ်မြေ၊ ဘုရားသုံးဆူမြို့ပေါ်တွင် နိုဝင်ဘာ ၂၀ ရက်နေ့က မိသားစုဝင် ၃ ဦး သုံးလောင်းပြိုင် အသတ်ခံရမှု ဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

ထိုသို့ အသတ်ခံရသူ ၃ ဦးသည် ဘုရားသုံးဆူမြို့ အမှတ် (၂) ရပ်ကွက်တွင်နေထိုင်သူ အငြိမ်းစားလျှပ်စစ်ဝန်ထမ်း အသက် ၆၉ နှစ်ရှိ ဦးရခိုင်၊ သမီးဖြစ်သူ အသက် ၃၆ နှစ်ရှိ Non-CDM ဝန်ထမ်းဖြစ်ခဲ့ဖူးသူ ဒေါ်သိမ့်သိမ့်သူနှင့် တူဖြစ်သူ အသက် ၆ နှစ်အရွယ် မောင်စိုင်းဝဏ္ဏထွန်းတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသတ်ခံရသူများ၏ ရုပ်အလောင်းများကို ဘုရားသုံးဆူမြို့နှင့် မက္ကသာကျေးရွာကြားရှိ လမ်းတစ်နေရာတွင် လာရောက်စွန့်ပစ်ထားသည်ကို နိုဝင်ဘာ ၂၀ ရက်နေ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အသတ်ခံရသူများကို နေအိမ်မှ နိုဝင်ဘာ ၁၉ ရက်နေ့ ညပိုင်းတွင် အမည်မသိသူများက ဖမ်းခေါ်သွားခြင်းဖြစ်ပြီးနောက် အသတ်ခံရ ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောဆိုနေသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြစ်စဉ်မှန် ပေါ်ပေါက်ရန် စိစစ်နေဆဲ ဖြစ်ကြောင်း ကနဦး သိရသည်။

“သူတို့က ရပ်ကွက် (၂) မှာနေတယ်။ အဲဒီအသတ်ခံရတာနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်က အမှုမှန်အတိုင်း ဖြစ်အောင် ကိုင်တွယ်လုပ်ဆောင်နေတုန်းပါပဲ။ ပြီးရင်တော့ ပြန်ပြောပြပါ့မယ်” ဟု မြို့လုံခြုံရေးအပိုင်း တာဝန်ယူထားသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်- DKBA ၏ အမှတ်-၂ စစ်ကွပ်ကဲရေး နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းက ကေအိုင်စီသို့ ယမန်နေ့ညနေတွင် ပြောသည်။

ဘုရားသုံးဆူမြို့သည် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်ပြီး လက်ရှိအချိန်တွင် တရုတ်နွယ်ဝင်များ လာရောက် နေထိုင်ခြင်းများ ရှိသလို လက်နက်ကိုင်တပ်ဖွဲ့များဝင်ထွက်သွားလာများလည်း ရှိနေသည်။ ထို့အပြင် အခြားဒေသမှ လူအများလာရောက်အခြေချ နေထိုင်ခြင်းများလည်း ရှိနေကြောင်း မြို့ခံများက ပြောဆိုသည်။

လက်ရှိ ဘုရားသုံးဆူမြို့၊ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ကြားကာလအုပ်ချုပ်ရေးစနစ်အဖြစ် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံးနှင့် DKBA တို့မှ ပူးပေါင်းလုပ်ဆောင်သလို မြို့လုံခြုံရေးအပိုင်းကို DKBA တပ်ဖွဲ့ဝင်များက တာဝန်ယူလုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြောသည်။