Home သတင်း ဒေါ်နယ်ထရမ့်အနိုင်ရမှုအပေါ် အမေရိကန်ရောက် ကရင်တိုင်းရင်းသားအချို့အမြင်

ဒေါ်နယ်ထရမ့်အနိုင်ရမှုအပေါ် အမေရိကန်ရောက် ကရင်တိုင်းရင်းသားအချို့အမြင်

325

ဒေါ်နယ်ထရမ့်အနိုင်ရမှုအပေါ် အမေရိကန်ရောက် ကရင်တိုင်းရင်းသားအချို့အမြင်

အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရရှိမှုအပေါ် အမေရိကန် ပြည်ထောင်စုရောက် ကရင်တိုင်းရင်းသားအချို့ရဲ့ အမြင်သဘောထားတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ကိုဂျော့ (တက္ကဆက်ပြည်နယ်)
ဒေါ်နယ်ထရမ့်က ပြောရမယ်ဆိုရင် အမေရိကန် (မဘသ)ပဲဗျာ့။ သူ့အနေနဲ့ တစ်ဝက်တံခါးပိတ် ဝါဒကို ကျင့်သုံးနိုင်တယ်။ အဲ့တော့ ဘာဖြစ်လဲဆိုတော့ ကမ္ဘာ့ရေးရာတွေကနေပြီးတော့မှ အမေရိကန်နိုင်ငံက ရှောင်ခွာပြီးတော့ အမေရိကန် နိုင်သားတွေရဲ့ ချမ်းသာကြွယ်ဝရေးကိုပဲ ဦးတည်မယ့် လမ်းကြောင်းကို သူ့လက်ထက် ၄ နှစ်မှာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ယူဆပါတယ်။

လာမယ့် ဒေါ်နယ်ထရမ့် သမ္မတသက်တမ်းမှာ ဆွေမျိုးကောင်းစားရေးဝါဒ Nepotism၊ နိုင်ငံရေးရာထူး တွေကို အပြန်အလှန် အကျိုးပြုမြှောက်စားတဲ့ဝါဒ political patronage၊ နဲ့ cronyism တွေကို ဖြတ်သန်း ကြုံတွေ့ရမှာပါ။ အမေရိကန် ပြည်သူတွေဟာ အာဏာရှင်စနစ်အောက်မှာ မနေကြဖူးတော့ ဒေါ်နယ်ထရမ့်လို အာဏာရှင် DNA ရှိတဲ့ သူရဲ့ လှည့်ကွက်အောက်ရောက်သွားကြမှာပါ။ တတိယကမ္ဘာစစ်တော့ မဖြစ်ပါဘူး။ ဒေါ်နယ်ထရမ့်ပြီးရင် သူ့ရဲ့ဆွေမျိုးထဲက တစ်ယောက်ယောက် ဒါမှမဟုတ် သူ့ရဲ့ လူအများကြိုက် ပေါ်လစီတွေကို ဆက်အကောင် အထည်ဖော်မယ့် သူတစ်ယောက်ယောက် ဆက်ခံမှာပါ Donald Trump dynasty ဖြစ်လာတော့မှာပါ။

သူ့လက်ထက်မှာ ပြည်တွင်း လောင်စာဆီ စျေးကျဆင်းဖို့ ရေနံအကြီးအကျယ် ဆက်တူးဖော်ဖို့ရှိမှာပါ။ အဲ့အတွက် ပတ်ဝန်းကျင် သဘာဝပျက်စီးမှုတွေ လစ်လျူရှုခံမှာပါ။ အရှေ့တောင် နဲ့ အာရှတိုက်ဒေသတွေ မှာ အကူအညီတွေ ဆက်လက်ရရှိနိုင်ပါ့မလားကိုလည်းစောင့်ကြည့်ရမယ်။

အဲ့တော့ သူ့ကိုကြိုက်လားဆိုတော့ ကျနော့်အနေနဲ့ သူ့ကို မထောက်ခံပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက ပြစ်မှု အစီရင်ခံထားရတဲ့သူတစ်ယောက်ပါ။ ကျနော်တို့ အမေရိကန်မှာ အလုပ်လုပ်မယ်ဆိုရင် background check စစ်ဆေးပါ။ ပြစ်မှုရှိတယ်ဆိုရင် အလုပ်ရဖို့ အင်မတန် ခက်ခဲပြီး တခါတရံ အလုပ်မရ နိုင်ပါဘူး။ ဒါကြောင့် ဒီလို ပြစ်မှု အစီရင်ခံထားရတဲ့ သူတစ်ယောက်အနေနဲ့ သမ္မတ တက်လုပ်မယ်ဆိုတာဟာ ကမ္ဘာ့လောက အလယ်မှာ ဒီမိုကရေစီ ဘိုးအေလို့ပြောတဲ့ အမေရိကန်အနေနဲ့ အများ ရီ(ရယ်)မောစရာ၊ မေးငေါ့ စရာ မျိုးဆက်ချီရှိ နေမှာဖြစ်တယ်။ သူအနေနဲ့လည်း လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေရှိတယ်။ စကားကို လက်လွတ်စပယ်ပြောတယ်။ ဒီလိုလူက သမ္မတ ၄ နှစ်သက်တမ်းမှာ ဘယ်လိုတွေ ဆက်လုပ်မလဲဆိုတာ ကို အမေရိကန်မှာကော၊ ကမ္ဘာ့နိုင်ငံက လူတွေကော စိတ်ဝင်တစားစောင့်ကြည့်နေမှာပါ။

စောခေါင်သောင့် (အင်ဒီယားနားပြည်နယ်)
ငါတို့က ဒီမှာနေတဲ့အခါကျတော့ ဘယ်သမ္မတပဲတက်တက် သိပ်ထူးထူးခြားခြား မရှိပါဘူး။ ဒီမှာရောက်နေတဲ့ ကရင်လူမျိုးအတွက်ရော၊ တခြားတိုင်းရင်းသားအားလုံးအတွက်ရော အတူတူပဲပေါ့။ သူတို့က တိုင်းပြည်အတွက် အကောင်းဆုံးလုပ်ကြတာပဲလေ။ ဒါပေမယ့် နိုင်ငံခြားရေးမူဝါဒမှာကတော့ အပြောင်း အလဲအများကြီး ရှိနိုင်မယ် လို့ မြင်ပါတယ်။ ကမ္ဘာ့နိုင်ငံရေး၊ စီးပွါးရေး၊ စစ်ရေး၊ အကူအညီ တို့လိုပေါ့။ အသေးစိတ်တော့ မပြောတတ်ဘူး ၊ ကိုယ်က ပညာရှင်မဟုတ်တော့။ မြန်မာ့နွေဦးတော်လှန်ရေးအတွက်လည်း အကျိုးသက်ရောက်မှု ရှိမယ် လို့ မြင်တယ်။ ဒီမိုကရက်တစ်ပါတီလောက် အားပေးထောက်ခံမှု ရချင်မှရမယ်ထင်တယ်။ စောင့်ကြည့်ရမှာပေါ့။

စောလယ်ဒို (နယူးယော့ခ် ပြည်နယ်)
ကျနော်တို့ကတော့ အကောင်းပဲ မြင်ပါတယ်။ ဒေါ်နယ်ထရမ့် နဲ့ Republican ပါတီက ပါတီကောင်း ဖြစ်ပြီးတော့ တိုင်းပြည်အတွက် အကျိုးပြုတဲ့ ပါတီပါ။ ဒုက္ခသည်တွေကို လက်ခံပေးတာကလည်း Republican ပါတီပါပဲ။ ဒီမိုကရက်တစ်က အယောင်ပြပဲတကယ်က။ ဒီမိုကရက်တစ်က လူပျင်းတွေ လူဆင်းရဲ တွေကိုပဲ ကူညီ ပေးချင်တာ။ ဒီမိုကရက်တစ်က မက္ကဆီကို နိုင်ငံကနေ တရားမဝင် ဝင်ရောက်လာတဲ့သူတွေကို ကူညီလက်ခံ ပေးတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကို မဲပေးဖို့အတွက်ပေါ့။ လူဆင်းရဲတွေကို တစ်သက်လုံး ဆင်းရဲစေဖို့ အစိုးရရဲ့ ထောက်ပံ့ငွေတွေနဲ့ တစ်သက်လုံး ကျွေးမွေးထားပြီး ဒီမိုကရက်တစ်ကို မဲပေးဖို့ပဲဖြစ်တယ်။

Republican က အဲ့လိုမဟုတ်ဘူး။ ဒုက္ခသည်တွေကို လက်ခံကြိုဆိုပြီးတော့ ဒီမှာ အလုပ်ကြိုးစားလုပ်တာကို သဘောကျပြီးတော့ အခွန်တွေလည်းရတယ်။ ဒုက္ခသည်တွေကိုလည်း တရားဝင်ပဲ လက်ခံတယ်။ မြန်မာပြည်က လာတဲ့ သူတော်တော်များများက ဒုက္ခသည်တွေကို လက်ခံတာ ဒီမိုကရက်တွေပဲလို့ ထင်ကြတာ။ တကယ်တော့ သူတို့ မြင်တာမှားနေတယ်။ ဒုက္ခသည်တွေဝင်လာရင် အလုပ်တွေလုပ်ခိုင်းမယ်၊ အခွန်ရမယ်။ စီးပွားရေး အရ ဖွံ့ဖြိုးလာမယ်။ ထရမ့်နိုင်တဲ့အတွက် ကရင်တွေအတွက်ပဲ မကဘူး၊ အမေရိကန်မှာရှိနေတဲ့ လူတိုင်းအတွက် ကောင်းတယ်။

စောဆန်မီလွန် (မြောက်ကာရိုရိုင်းနား ပြည်နယ်)
ကျနော်ကတော့ ဒေါ်နယ်ထရမ့် အနိုင်ရတာကို ကြိုက်တယ်။ ဘာဖြစ်လို့ ကြိုက်လဲဆိုတော့ အခုမေရိကန်နိုင်ငံမှာ ငွေကြေး ဖောင်းပွမှုတွေလည်း ဖြစ်နေတယ်။ နောက်ပြီးတော့ အလုပ်သမားတွေဆီကနေ အခွန်ကောက်ခံတာ တွေကလည်း တအားမြင့်လာတယ်။ နောက်ပြီးတော့ ကုန်စျေးနှုန်းတွေ အကုန်လုံးကလည်း မြင့်လာတယ်။

ပြီးတော့ ဒီတိုင်းပြည်မှာသိတဲ့အတိုင်းပဲ Trangender Insanity ဆိုတာ ကျောင်းတွေမှာလိင်စိတ်ခံယူမှုအပေါ်မှာ မူတည်ပြီးတော့ သူတို့ ပြဌာန်းထားတဲ့ ပေါ်လစီတစ်ခုက အထူးသဖြင့် အသက်အရွယ်မပြည့်သေးတဲ့ ကလေး တွေကို သူတို့က ယောကျ်ားလေးဆိုလည်း မိန်းကလေး ဖြစ်ချင်တယ်ဆိုရင် ‘မ’ ဟိုမုန်းထိုးပေးတာတို့ မိန်းကလေး ဆိုလည်း ယောကျ်ားလေးဖြစ်ချင်ရင် ‘ကျား’ ဟိုမုန်းထိုးပေးတာတို့ အဲ့လိုမျိုး မိဘရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ လုပ်နေတဲ့ အစီအစဉ်တွေကရှိတော့ အဲ့ဒါတွေလည်းရှိတယ်။ နောက်ပြီးတော့ ဂျိုးဘိုင်ဒန်ခေတ်မှာ စက်ရုံ၊ ကုမ္ပဏီတော် တော်များများက အမေရိကန်ကနေထွက်ပြီးတော့ အခြားတိုင်းပြည် နေရာတော်တော်များများမှာ တရုတ်တို့ မက္ကဆီကိုတို့မှာ အခြေချသွားတာတွေရှိတော့ အဲ့ဒါတွေကို ဒေါ်နယ်ထရမ့် တက်တဲ့အခါကျရင် အဲ့ဒါတွေကို ပြုပြင် မယ်။ ကုန်စျေးနှုန်း သက်သာအောင်လည်း လုပ်မယ်၊ ငွေကြေးဖောင်းပွမှု ကျအောင်လည်း လုပ်မယ်။ အခုက အမေရိကန်က ၂၅ ထရီလီယံ အကြွေးတင်နေတယ်။ ရက်တစ်ရာကို တစ်ထရီလီယံ အတိုးတက်နေတယ်။ အဲ့အတိုးကိုလည်း သူဆပ်မယ်။ အမေရိကန်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို သူဖြေရှင်းမယ်လို့ ကတိပေး ထားတဲ့အတွက် ကျနော့်အနေနဲ့ သူတက်တာကို ကြိုက်တယ်လို့ ပြောချင်တယ်။

အမည်မဖော်လိုသူ ကရင်လူငယ်တစ်ဦး (နယူးယော့ခ် ပြည်နယ်)
ကျမအနေနဲ့ Republican ကို မဲပေးခဲ့တယ်။ သူတို့ နိုင်သွားတော့ ပျော်တယ်။ သူတို့ကိုလည်း ကြိုက်တယ်။ နိုင်ငံရေးတော့ ကျမအများကြီး နားမလည်ပါဘူး။ ဒေါ်နယ်ထရမ့်က ဘာသာရေးလည်း လိုက်စားတယ်။ အရင် ထရမ့်တက်တုန်းက အလုပ်လုပ်ကိုင်ရတာ အဆင်ပြေတယ်။ ငွေတွေလည်း တန်ဖိုးရှိတယ်။ ဒီမိုကရက်တွေ တက်လာတော့ ငွေတန်ဖိုးလည်း ကျလာတယ်။ ကုန်စျေးနှုန်းလည်း တက်လာတယ်။

များသောအားဖြင့် လူငယ်တွေကော ထောက်ပံ့ကြေးယူနေတဲ့ သူတွေလည်း ဂျိုးဘိုင်ဒန်ကို မကြိုက်ကြဘူး။ ထရမ့်ကတော့ ပြောထားတယ် Overtime အတွက် အခွန်မကောက်ဘူးပေါ့။ ဒီက ခရစ်ယာန်တွေက ထရမ့်ကို ပိုကြိုက်ကြတယ်။ ပြီးတော့ ဒီမိုကရက်တစ်ဘက်က ပြောတဲ့ ဒီကိုယ်ဝန်တရားဝင် ဖျက်ချတာကိုအားပေးတာ ကိုလည်း မကြိုက်ဘူး။ ပြီးတော့ သူက အခွန်ထပ်တိုးကောက်ဖို့လည်း ပြောထားတာရှိတော့ ကျမတို့အတွက် အဆင်မပြေဘူးလေ။ ထရမ့်ကို အကြိုက်ရဆုံးက သူက ဘုရားသခင်ကို တန်ဖိုးထားတယ်။ ဘာသာရေး ကိုင်းရှိုင်း တာကြောင့်ပဲ။