Home သတင်း တစ်လအတွင်း အမျိုးသမီး ၇၁ ဦး စစ်ကောင်စီကြောင့် သေဆုံးဟု BWU ပြော

တစ်လအတွင်း အမျိုးသမီး ၇၁ ဦး စစ်ကောင်စီကြောင့် သေဆုံးဟု BWU ပြော

132
Photo: နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

နိုဝင်ဘာ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်မှုများ ကြောင့် ပြီးခဲ့သည့် အောက်တိုဘာလတစ်လအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အမျိုးသမီး ၇၁ ဦး သေဆုံး ခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ(Burmese Women’s Union)က နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုသည်။

အောက်တိုဘာလအတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအပြင် မြန်မာနိုင်ငံအနှံ့ ဒရုန်း အသုံးပြုတိုက်ခိုက်မှုများ၊ ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးတိုက်ခိုက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကြောင့် အမျိုးသမီးများ သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၄၄ ဦးထိရှိသည်ဟု BWU ကပြောသည်။

“အကြမ်းဖက်အုပ်စုအနေနဲ့ ပြည်သူလူထုကို အကြောက်တရားနဲ့အုပ်ချုပ်ချင်တယ်။ အကြောက်တရားနဲ့ အုပ်ချုပ်မှ သူတို့အာဏာမြဲမယ်လို့ ထင်နေတယ်။ အကြောက်တရားရှိနေရင် လူတွေကသူတို့ မတော်လှန်ရဲဘူးလို့ ထင်မြင်ယူဆလာတာဖြစ်တယ်။ အကြောက်တရားနဲ့ သိမ်းသွင်းတဲ့နေရာမှာ အမျိုးသမီးတွေကို အဓိကပစ် မှတ်ထားပြီး သတ်ဖြတ်နေတာကိုတွေ့ရှိရမှာဖြစ်တယ်။ ပဋိပက္ခနဲ့သက်ဆိုင်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေ၊ မုဒိမ်းမှုတွေကို ကျူးလွန်ပြီးတော့မှ လုပ်ဆောင်လိုက်ခြင်းအားဖြင့် သူတို့ရဲ့လုပ်ရပ်ကို ကြောက်သွားအောင် ရည်ရွယ်ချက်ရှိရှိ စစ်လက်နက်သဖွယ်အသုံးချသွားတာဖြစ်တယ်။”ဟု BWU တွဲဖက်အတွင်းရေးမှူးမဝေက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် သေဆုံးခဲ့သည့်အမျိုးသမီးများတွင် စစ်ကောင်စီက စစ်ကြောင်းထိုးစဉ် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခံ ရမှုများကြောင့် အမျိုးသမီး ၄၅ ဦးအထိအများဆုံး သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းတစ်ခုထဲတွင် အမျိုးသမီး ၂၅ ဦးထိ သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်တွင် ၂၂ ဦး သေဆုံးကာ ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။။

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက “မြို့နယ် ထဲမှာ စစ်ဘေးရှောင်နေရတဲ့ အမျိုးသမီးတွေက ပိုပြီးခက်ခဲတယ်။ ဟို့ရာသီလာတာကအစ အမျိုးသမီးလ စဉ်သုံးတွေ မလုံလောက်တာကအစ။ ပြီးရင် ဖမ်းခံထိမှာလည်း ကြောက်ရတယ်။ အမျိုးသမီးတွေ ဘဝက အာဏာသိမ်းကာလ၊ တော်လှန်ရေးကာလမှာ ရပ်တည်ဖို့အတွက် မလွယ်ကူပါဘူး” ဟု ကေအိုင်စီ သို့ မှတ်ချက်ပြု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၆၃ ဦး သေဆုံးခဲ့ပြီး ၆၂ ဦး ဒဏ်ရာရခဲ့သည်။ BWU အနေဖြင့် အမျိုးသမီးများ ထိခိုက်ဒဏ်ရာရ သေဆုံးမှု စာရင်းကို လွတ်လပ်သည့် သတင်းဌာနများနှင့် ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုစည်းကောက်နုတ်ထားခြင်း ဖြစ်ပြီး မြေပြင်ပကတိအခြေအနေမှာ ယခုထက်ပိုများနိုင်သည်ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောက်ရေးအသင်း(AAPP)မှထုတ်ပြန်ထားသည့် အချက်အလက်များအရ စစ်ကောင်စီက အာဏာသိမ်းရန် ကြိုးပမ်းသည့်ကာလမှ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့အထိ အမျိုးသမီး ၅,၇၂၉ ဦးအထိ စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ဖော်ပြထားသည်။