Home သတင်း တစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံးဟု တောင်ပိုင်းစစ်ဒေသ ထုတ်ပြန်

တစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံးဟု တောင်ပိုင်းစစ်ဒေသ ထုတ်ပြန်

126
Photo- CJ

နိုဝင်ဘာ ၃၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

အမျိုးသားညီညွှတ်ရေးအစိုးရ-NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် လှုပ်ရှားသည့် တောင်ပိုင်းတိုင်းစစ်ဒေသတွင် နိုဝင်ဘာလ နောက်ဆုံးအပတ်အတွင်း တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၂ ဦး သေဆုံးခဲ့သည်ဟု တောင်ပိုင်းတိုင်းစစ်ဒေသက ယနေ့ထုတ်ပြန်ပြော သည်။

နိုဝင်ဘာလ ၂၃ မှ ၂၉ ရက်နေ့အထိ တစ်ပတ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက စစ်ကောင်စီ၏ စစ်ကြောင်းများကို တိုက်ခိုက်ခြင်းနှင့် စစ်တပ်အထိုင်ချထားသည့် တပ်စခန်းများကို သွားရောက် တိုက်ခိုက်ခဲ့ရာတွင် နှစ်ဖက်တိုက်ပွဲပေါင်း ၂၇ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ရာထူးတာဝန်မသိရှိရသေးသည့် တပ်ဖွဲ့ဝင်စုစုပေါင်း ၅၂ ဦး သေဆုံးခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှလည်း ၂ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

NUG က သတ်မှတ်ထားသည့် တောင်ပိုင်းတိုင်းစစ်ဒေသတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံး ထိန်းချုပ်နယ်မြေများတွင်ပါဝင်သည့် ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့ပါဝင်ပြီး ကရင်၊ ကရင်နီနှင့် ဧရာဝတီတိုင်းတို့တွင်လည်း KNU လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA နှင့် စစ်ရေးပူးပေါင်းလှုပ်ရှားလျက်ရှိသည်။

အထူးသဖြင့် ယခု၂၀၂၄ ခုနှစ်အတွင်း တောင်ပိုင်းစစ်ဒေသတွင် တိုက်ပွဲအရှိန်အဟုတ် ပိုမိုပြင်းထန် ကာ စစ်ရေးနယ်မြေကျယ်ပြန့်လာပြီး စစ်တပ်အခြေစိုက်တပ်စခန်းအများအပြားကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်ဟု ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်သည့် ကရင်အရပ်ဖက်အဖွဲ့-KPSN က အစီရင်ခံစာထုတ်ပြန်ရာတွင် ထည့်သွင်းထားသည်။

၎င်းအပြင် ထိုင်း-မြန်မာနယ်စပ်မြို့ကို လွှမ်းမိုးချုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ စစ်ဆင်ရေးဖော်ဆောင် လာသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးကိုလည်း တောင်ပိုင်းစစ်ဒေသရှိ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကော့ကရိတ်အာရှလမ်းပိုင်းတွင် ထောက်ပို့ဖြတ်တောက်ရေး လုပ်ဆောင် လျက်ရှိပြီး နည်းအမျိုးမျိုးဖြင့် ဖိအားပေးတိုက်ခိုက်လျက်ရှိသည်ဟု တောင်ပိုင်းစစ်ဒေသက ဆိုသည်။