Home သတင်း ကျုံဒိုး ဂျိုင်းတံတားအနီး၌ စစ်ကောင်စီ စစ်ရေးပြင်ဆင်မှု တိုးလုပ်လာ

ကျုံဒိုး ဂျိုင်းတံတားအနီး၌ စစ်ကောင်စီ စစ်ရေးပြင်ဆင်မှု တိုးလုပ်လာ

177
Photo- CJ

နိုဝင်ဘာ ၃၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံနှင့် ကော့ကရိတ် မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ကျုံဒိုး ဂျိုင်းတံတားအနီး၌ စစ်ကောင်စီက စစ်ရေးပြင်ဆင်မှု ယခုရက်ပိုင်းအတွင်း တိုးလုပ်လာနေသည်ဟု စစ်ရေးနယ်မြေ သတင်းရင်းမြစ် များက နိုဝင်ဘာ ၂၉ ရက်နေ့တွင် ပြောသည်။

ကျုံဒိုး ဂျိုင်းတံတား အတက်အဆင်းနေရာများနှင့် တံတားအောက်ခြေဘက်တို့၌ စစ်ကောင်စီက ကွန်ကရိ ဘန်ကာ ကတုတ်ကျင်းများ တည်ဆောက်ပြီး လက်နက်ကြီးများ တပ်ဆင်ထားကာ ခံစစ်စခန်းသဖွယ် အခိုင်အမာ ပြင်ဆင် အထိုင်ချထားသည်ဟု စစ်ရေးနယ်မြေသတင်းရင်းမြစ်က ယခုလို ပြောသည်။

“ဂျိုင်းတံတား ကျုံဒိုးဘက်ခြမ်းမှာဆိုရင် စက်သေနတ် ဆင်ထားတယ်၊ ဘန်ကာပေါ်ကနေပြီးတာ့ လမ်းမဘက် ကိုပေါ့။ ဂျပန်တံတားနှစ်ဘက်စလုံးမှာ စစ်တပ်နဲ့ BGF တပ်စွဲ ထားတယ်။ ၈၁ မမ တို့ ဟောင်ဝှစ်ဇာတို့ ဆင်ထား တယ်။ ကြိုးတံတားဟောင်းဘက်မှာလည်း စစ်တပ်က ကတုတ်ကင်းတွေ ဆောက်ထားတယ်။ ဂျိုင်းတံတား အပေါ်အောက် အင်အားတစ်ရာလောက်ရှိတယ်။ တစ်ခါတစ်လေလည်း ရွာတွေဘက်ကို စစ်ကြောင်း ပတ်တာမျိုး ရှိတယ်” ဟု ၎င်း သတင်းရင်းမြစ်က ပြောသည်။

ထိုသို့ လက်နက်ကြီးများတပ်ဆင်ထားပြီးနောက် ကျုံဒိုးဒေသရှိ ရေပူကျေးရွာ၊ ကမ္မရိုက်ကျေးရွာများ ဘက်သို့ လက်နက်ကြီး ပစ်ခတ် မှုများလည်း မကြာခဏ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

Photo- CJ

ထို့အပြင် စစ်ကောင်စီ၏ ဒရုန်းများ ညနေပိုင်းများတွင် ကျုံဒိုးမြို့ အနီးတဝိုက် ကျေးရွာများသို့ ကင်းလှည့်သည့် အသွင် ပျံသန်းနေမှုများ ရှိနေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

သို့သော် ကျုံဒိုးမြို့တွင်းသို့ ကျေးရွာများ ဘက်မှ ဒေသခံများ ပုံမှန် သွားလာနေသလို စစ်ကောင်စီ တပ်သား တစ်ချို့လည်း အရပ်ဝတ်များဖြင့် ဈေးဝယ်သွားလာမှုရှိနေပြီး ကျုံဒိုး ချောင်းဖျား ၊ မြပတိုင်လမ်းတွင်လည်း ပုံမှန် အနေအထားသွားလာနေကြကာ ကျုံပိုင်း ကြာအင်းစု ၊ နောင်ထပ္ပံလမ်း ကုန်သွယ်ရေးကားအချို့သွားလာနေသည် ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လကုန်ပိုင်းတွင် ကျုံဒိုးမြို့ပေါ်ရှိ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက် စီးနင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး မြို့တွင်းနှင့် မြို့ပြင်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သလို ဒေသခံတို့ စစ်ဘေးရှောင်မှုများလည်း ရှိခဲ့ဖူးသည်။