Home သတင်း အနန်းကွင်း စစ်ဗျူဟာမကျရေး လေကြောင်းတိုက်ခိုက်ဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

အနန်းကွင်း စစ်ဗျူဟာမကျရေး လေကြောင်းတိုက်ခိုက်ဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

872
Photo Caption: စက်တင်ဘာလ ၁၂ ရက်နေ့ က အနန်းကွင်းဗျူဟာ မနီးမဝေးရှိ လွှတ်ရှမ်း စစ်ကောင်စီစခန်းကို သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့် KNLA တပ်ဖွဲ့ဝင်များ။ Photo _Rain Cloud FB

အောက်တိုဘာ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပိုင်း၊ အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီအနန်းကွင်း စစ်ဗျူ ဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များ ပိတ်ဆို့တိုက်ခိုက်နေသည့်အတွက် စစ်စခန်းမကျရှုံးစေရေး နေ့စဉ်လေကြောင်းမှ နေ့ရောညပါဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်နေကြောင်း သိရှိရသည်။

ယခုအောက်တိုဘာလ ၁၃ ရက်နေ့မှစပြီး KNLA မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တပ်ဖွဲ့များ စစ်ရေး အရှိန်မြင့် တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီလေကြောင်းက အနန်းကွင်းကျေးရွာအပြင် အနီးအနား ကျေးရွာများကိုပါ ဗုံးကြဲတိုက်ခိုက်နေမှု လုပ်ဆောင်နေသောကြောင့် ကျေးရွာဒေသခံနေအိမ်ခြံမြေများ ပျက်စီးမှုများပြားကြောင်း ဒေသခံသတင်းအရင်းအမြစ်က ပြောသည်။

ဒေသခံသတင်းအရင်းအမြစ်တစ်ခုက “သီတင်းမကျွတ်ခင်ကတည်းကပေါ့၊ အရှိန်မြှင့်ပြီး ဒရုန်းရော၊ လက်နက်ကြီး ရောစစ်စခစန်းထဲ ပစ်ထည့်နေတာမျိုး ဆိုတော့ခံမနိုင်ဘူး။ စစ်ကူခေါ်တော့ ၁၃ ရက်နေ့ကစပြီး ရွာပတ်ခြာလည်နဲ့ သူတို့စခန်းပတ်ခြာလည်ကို လာပစ်တာ မနေ့ကလည်း ၃ စီးလာသွားတယ်။ ထိခိုက်တာမျိုတော့မရှိဘူး။ ကင်း ထောက်ပျံတာလည်း ရှိနေတယ်။ ဒါက ပစ်မပစ်တော့မသိဘူး။ လေယာဉ်လာပစ်တာတော့ တပတ်ကျော်လောက်ရှိပြီ” ဟု ယမန်နေ့က ပြောသည်။

ထို့အပြင် KNLA ပူးပေါင်းတပ်ဖွဲ့များက အနန်းကွင်းဗျူဟာစစ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသလို စစ်စ ခန်းဘက်မှ လက်နက်ကြီးနှင့် ပြန်လည်ပစ်ခတ်နေခြင်းကြောင့် နှစ်ဖက်ထိခိုက်မှုရှိနေပြီး စစ်ကောင်စီစခန်းရှိ တပ်သားအချို့ စစ်စခန်း စွန့် ခွာထွက်ပြေးမှုရှိနေကြာင်း မြေပြင်တော်လှန်ရေး သတင်းအရင်းအမြစ်များထံမှ သိရသည်။

“အခု ၂၀ ရက် နောက်ပိုင်းမှာ အဲဒီအနန်းကွင်းစစ်စခန်းက ထွက်ပြေးလာတာမျိုးတွေ ရှိတယ်။ ကရင်ဘက်က မိတာ ၁၀ ယောက်ကျော်ရှိတယ်။ သူတို့ ရိက္ခာပြတ်၊ ရေပြတ်ဖြစ်နေပြီ။ နှစ်ဘက်အကျအဆုံးလည်းရှိတယ် ။ အတိ အကျတော့ မသိရသေးဘူး။ တော်လှန်ရေးဘက်ကတော့ အနည်းအကျဉ်းထိခိုက်တာတော့ရှိတာပေါ့ ”ဟု အနန်းကွင်းတိုက်ပွဲ အခြေအနေကို သိရှိသည့် စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ယခုလို စစ်ကောင်စီတပ်သားများ စခန်းစွန့် ခွာထွက်ပြေးမှုကို ဖမ်းဆီးရမိထားသည့် အခြေအနေနှင့် ပတ်သက်ပြီး ကေအိုင်စီက သက်ဆိုင်ရာ KNLA မဟာမိတ်ပူးပေါင်းစစ်ကြောင်းတာဝန်ရှိသူများထံ အတည်ပြုနိုင်ရန် အဆက်အသွယ်မေးမြန်း၍ မရှိသေးပေ။

နှစ်လဝန်းကျင်ကြာမြင့်နေပြီဖြစ်သည့် အနန်းကွင်းကျေးရွာအနီးတဝိုက်တိုက်ပွဲကြောင့် ဒေသခံကျေးရွာ ၅ ရွာခန့်မှ လူဦး ရေ ၃,၀၀၀ ထောင်ခန့် စစ်ဘေးရှောင်နေထိုင်နေရပြီး ဘုရားသုံးဆူ၊ သံဖြူဇရပ်၊ မော်လမြိုင်လမ်းပိုင်းနှင့် အနန်းကွင်း၊ ဖားပြတ်၊ ခလယ်တံခွန်တိုင်၊ ကြာအင်းဆိပ်ကြီးလမ်းပိုင်းများတွင် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်ခက်ခဲလျက်ရှိကြောင်း သိရသည်။