အောက်တိုဘာ ၁၈ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign) က ဦးဆောင်ပြီး စစ်ကောင်စီ ၏ လေကြောင်း တိုက်ခိုက်မှုကို ရပ်တန့်နိုင်မည့် လေယာဉ်ဆီ ဖြတ်တောက်ရေး လှုပ်ရှားမှုတွင် ပါဝင်နိုင်ရန် ပြည်သူလူထု လက်မှတ်များကို ယနေ့ အောက်တိုဘာ ၁၈ ရက်နေ့မှစပြီး ကောက်ယူနေပြီးဖြစ်ကြောင်း အဖွဲ့က ထုတ်ပြန်လာသည်။
ပြည်သူလူထု၏ တစ်ဦးချင်းလက်မှတ်ကို ကောက်ယူ၍ စစ်အုပ်စု ရရှိနေသည့် လေယာဉ်ဆီ လမ်းကြောင်းကို ထိရောက်သည့် ပိတ်ဆို့မှုများ ချမှတ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံတကာ အစိုးရများကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုသွားမည်ဖြစ်၍ ပြည်သူလူထု လက်မှတ်များကို စတင် ကောက်ယူနေခြင်းဖြစ်ကြောင်း အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်နိုင်ခြင်းမှာ တရုတ်နှင့် ရုရှား နိုင်ငံများ၏ ကူညီမှုများအပြင် အာဆီယံအဖွဲ့ဝင် ဒေသတွင်း ဗီယက်နမ်လို နိုင်ငံများ၏ လေယာဉ်ဆီ အပြင် လေယာဉ် နှင့် ဆက်စပ်ပစ္စည်းများ၊ လေယာဉ်များ တင်ပို့ရောင်းချခြင်း နှင့် ထောက်ပံ့မှု ပြုနေခြင်း တို့ကြောင့် ဖြစ်ကြောင်း ၎င်းအဖွဲ့က ဆိုသည်။
အမေရိကန် အပါအဝင် ဥရောပ သမဂ္ဂ(EU) နှင့် ဗြိတိန် (UK) နိုင်ငံ အစိုးရများ၏ အရေးယူ ပိတ်ဆို့မှုများတွင် စစ်အုပ်စု နှင့် ခရိုနီကုမ္ပဏီများကိုသာ ပါဝင်၍ ထိရောက်သည့် အရေးယူ ပိတ်ဆို့မှုမျိုး မဟုတ်သေးဘဲ စစ်အုပ်စု အနေဖြင့် လေယာဉ်ဆီ ဆက်လက်ရရှိနေသေးသည်ဟုလည်း ဆက်လက် ပြောဆိုထားသည်။
ပြည်သူလူထုများအနေဖြင့် လေယာဉ်ဆီ ဖြတ်တောက်နိုင်ရေး ထိရောက်သည့် အရေးယူဆောင်ရွက်မှု ရှိလာစေရန် အိတ်ဖွင့်ပေးစာပေးပို့ရာတွင် https://actionnetwork.org/petitions/stop-the-export-sale-and-transfer-of-aviation-fuel-to-the-myanmar-junta ဖော်ပြပါ link မှတဆင့် ပါဝင် လက်မှတ်ရေးထိုး နိုင်သည်ဟု ဆိုသည်။

စစ်ကောင်စီ အနေဖြင့် မြေပြင်တိုက်ပွဲများတွင် အရေးနိမ့် စစ်ရှုံးမှုများကြုံတွေ့နေရသလို နယ်မြေ နှင့် အခြေစိုက် စစ်စခန်းရာနှင့်ချီ၍လည်း လက်လွတ်ဆုံးရှုံးခဲ့ရသောကြောင့် ၎င်းအားသာရာ လေကြောင်း တိုက်ခိုက်မှုကို ဆက်လက် လုပ်ဆောင်လျက်ရှိပြီး အရပ်သားပစ်မှတ်များကိုပါ မချန် ဆက်လက်တိုက်ခိုက် ကျူးလွန်မှုများ လုပ်ဆောင်လျက်ရှိသည်။
ယခုလို အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်သည့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်တပ် နှင့် နီးစပ်သည့် မြန်မာ့ပြည်တွင်း စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်ပနိုင်ငံကုမ္ပဏီ အချို့ကို US၊ EU နှင့် UK လို အနောက်အုပ်စုများက အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ အရေးယူ ပိတ်ဆို့မှုများကြောင့် လေယာဉ်ဆီ သယ်ဆောင်သည့် လမ်းကြောင်းများကို စစ်ကောင်စီ အနေဖြင့် ပုံစံမျိုးစုံဖြင့် ပြောင်းလဲအသုံးပြုလာခဲ့ပြီး ဒေသတွင်း အာဆီယံနိုင်ငံများတွင် စင်္ကာပူ နိုင်ငံအပြင် လက်ရှိတွင် ဗီယက်နမ်နိုင်ငံဆိပ်ကမ်းများကိုပါ အသုံးပြုလာကြောင်း နိုင်ငံတ ကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) အဖွဲ့၏ ယခုနှစ် အစောပိုင်းအစီရင်ခံစာအရသိရသည်။
သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign – BMC) သည် စစ်အာဏာ သိမ်းပြီး နောက်ပိုင်း မေလတွင် စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီ၏ ငွေကြေးထောက်တိုင်များ ပြိုလဲရေးနှင့် လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရေးအတွက် နည်းမျိုးစုံဖြင့် လှုပ်ရှားတောင်းဆိုနေသည့် အဖွဲ့ဖြစ်သည်။



















