အောက်တိုဘာ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO(NCA-S)ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းမှုမှာ အဖွဲ့ချုပ်၏ မူ၊ ဝါဒ၊ လမ်းစဉ်အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့က ပေးအပ်သည့် တာဝန်အရပ်ရပ်များအပေါ် ကျော်လွန်ဆန့်ကျင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ယူဖူးခဲ့သူ ခွန်မြင့်ထွန်းက အောက်တိုဘာ ၁၆ ရက်၊ နေ့စွဲဖြင့် ထပ်မံရှင်းလင်း ထုတ်ပြန်သည်။
PNLO ဦးဆောင် နာယက ဟောင်းဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်ပြီး အဖွဲ့ဝင်အချို့ပါဝင်၍ လက်ရှိ အရေးပေါ် အခြေအနေတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ PNLO(NCA-S) ကို ပြန်လည် ဖွဲ့စည်း ကြောင်း နှင့် NCA လမ်းစဉ်နှင့်အညီ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ၎င်းကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်မှုအပေါ် ဗိုလ်ချုပ်ခွန်သူရိန် ဦးဆောင်သည့် PNLO အဖွဲ့က ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင် ဖွဲ့စည်းသည့် အဖွဲ့အပေါ် ကန့်ကွက်ခဲ့သလို ဦးဆောင်ဖွဲ့စည်းမှုတွင် ပါဝင်သည့် ယခင် အတွင်း ရေးမှူး(၁) ဟောင်း ဗိုလ်မှူးခွန်မင်းသိန်းနှင့် အတွင်းရေးမှူး(၂)ဟောင်း နန်းယဉ်ယဉ်စိုးတို့ကိုပါ အဖွဲ့၏ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ အဖွဲ့မှ ထုတ်ပယ်လိုက်ကြောင်း အောက်တိုဘာ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ထို့နောက် အဆိုပါ အရေးပေါ်အစည်းအဝေး၏ ထုတ်ပြန်ချက်ပါ တောင်းဆိုချက်အရ ခွန်မြင့်ထွန်းအား ရှင်းလင်းသဘောထား ထုတ်ပြန်ပါရန် ပါရှိသောကြောင့် PNLO ဖွဲ့စည်းခဲ့ရသည့် သမိုင်းကြောင်း အပါ အဝင် ၂၀၀၉ ခုနှစ်တွင် ကျင်းပခဲ့သော ပအိုဝ်းအမျိုးသားညီလာခံ ၏ ဆုံးဖြတ်ချက်များ၊ ညီလာခံ၏ မူ၊ ဝါဒ၊ လမ်းစဥ်၊ လုပ်ငန်းစဥ် စသောခိုင်မာသည့် သမိုင်းအထောက်အထားများကို ပြန်လည် ရှင်းလင်း၍ ခွန်ထွန်းမြင့်က သဘောထား ထုတ်ပြန်ရှင်းလင်းခြင်းဖြစ်သည်။
အဆိုပါ သမိုင်းကြောင်း အထောက်အထားများအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး စစ်ရေးအကျပ်အတည်းများကို ထိန်းညှိဆောင်ရွက်နိုင်ရန်အတွက် စက်တင်ဘာ ၁၁ ရက်တွင် အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အထူးအစည်းအဝေးက PNLO ဥက္ကဋ္ဌ ဗိုလ်ချုပ် ခွန်သူရိန် ဦးဆောင်ပြီး ၅ ဦး ပါဝင်သည့် ကြီး(၅)ကြီး ဦးဆောင်အဖွဲ့ ဖြင့် အဖွဲ့ချုပ်အား ဆက်လက်ဦးဆောင်ရန် တာဝန်ပေးခဲ့သည်။
ထိုသို့ ကြီး (၅)ကြီးဦးဆောင်နေစဉ်ကာလအတွင်း ယခုလို အဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ထုတ်ပြန်ချက်မှာ PNLO ဖွဲ့စည်းနိုင်ရေး ညီလာခံ မတိုင်ခင်ထားရှိသည့် ကတိကဝတ်များ နှင့် ညီလာခံ အပြီး ချမှတ်ခဲ့သော မူ၊ ဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်များအပြင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကိုယ်တိုင် ပါဝင်ရေး ဆွဲခဲ့သည့် အဖွဲ့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပါ ဆန့်ကျင်ရာ ရောက်ကြောင်း ခွန်မြင့်ထွန်းက ရှင်းလင်းသဘောထားပေးခဲ့သည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာကလည်း လက်ရှိ ဥက္ကဋ္ဌ ဗိုလ်ချုပ် ခွန်သူရိန်သည် စုပေါင်းဦးဆောင်မှုအရမဟုတ်ဘဲ တစ်ဦးတစ်ယောက်သော သဘောဆန္ဒဖြင့် မူဝါဒ အလွဲသုံးစားပြုလုပ်သည်ဟု စွပ်စွဲခဲ့သလို စစ်ကောင် စီကို PNLO/PNLA က ခုခံတော်လှန်ခြင်းအပေါ်တွင်လည်း အပြစ်တင်ခဲ့ပြီး PNLO နာယက အဖြစ်နုတ်ထွက်ကြောင်း ကြေညာရာတွင်လည်း ထိုအချက်ကို အဓိက အချက်တချက်အဖြစ်အကြောင်းပြထားသည်။
ထိုအချက်အပေါ် ခွန်မြင့်ထွန်းက အဖွဲ့ချုပ်အတွင်း ပြဿနာရှိခဲ့ပါက ညီလာခံတစ်ရပ်နှင့်တစ်ရပ်အကြား အမြင့် ဆုံးအာဏာပိုင်ဖြစ်သည့် ဗဟိုကော်မတီတွင်အကြေအလည်ညှိနှိုင်းရမည်ဖြစ်ပြီး ၊ စွပ်စွဲပြစ် တင်လိုပါက ဗဟိုကော်မတီ အစည်းအဝေးတွင် သက်ဆိုင်သူကို စွပ်စွဲပြစ်တင် အရေးယူနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ထက်ပိုမို လိုအပ်ပါက အရေးပေါ်ညီလာခံကျင်းပ၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြန်လည် ရှင်းလင်း ပြောဆိုခဲ့သည်။
ဆက်လက်ပြီး PNLO ၏ ဦးဆောင်အဖွဲ့အား ဖွဲ့စည်းရမည့် အခွင့်အာဏာကို ဖွဲ့စည်းပုံအရ ညီလာ ခံကိုသာ အပ်နှင်းထားပြီး အဖွဲ့ချုပ်၏ မည်သည့် အဖွဲ့ဝင်အမျိုးအစား ပုဂ္ဂိုလ်တစ်ဦးတစ် ယောက်ကိုမျှ အပ်နှင်းထားခြင်းမရှိသော ညီလာခံ၏လုပ်ပိုင်ခွင့်သာ ဖြစ်သည်ကို သက်ဆိုင်သူအားလုံးက အလေးအ နက်ပြုကြရန် လိုအပ်ကြောင်းလည်း ခွန်မြင့်ထွန်းက သတိပေးထားသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ အပါအဝင် အဖွဲ့ဝင် ၃ ဦးကို အဖွဲ့ချုပ်ကနေ ထုတ်ပယ်ကြောင်း ကြေညာ ခဲ့သော် လည်း လာမည့် ၂၀၂၆ ခုနှစ်တွင် ကျင်းပရန် လျာထားသည့် PNLO ညီလာခံတွင် အယူခံဝင်နိုင် ကြောင်း ဗိုလ်ချုပ် ခွန်သူရိန် ဦးဆောင်သည့် PNLO ၏ အရေးပေါ် အစည်းအဝေးပြီး ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ အနေဖြင့် စစ်တပ်အာဏာသိမ်းစဉ်ကတည်းက အာဏာသိမ်းဖြစ်စဉ်အပေါ် ဆန့်ကျင်ဝေဖန်ပြောဆိုမှုများမပြုသည့်အပြင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်း ရမည်ဖြစ်ကြောင်းပြောဆိုကာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို စွဲကိုင်လျက် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မကြာခဏ သွားရောက် တွေ့ဆုံလေ့ရှိသည်။
သဘောထားထုတ်ပြန်ရှင်းလင်းပြောဆိုလာသည့် ခွန်မြင့်ထွန်း အနေဖြင့်လည်း ယခင် ၂၀၁၅ ခုနှစ် NCA အပစ်ရပ် စာချုပ်လက်မှတ်ရေးထိုးရာတွင် PNLO ၏ ဥက္ကဌ ရာထူးမှ နေ၍ ပါဝင်လက်မှတ် ရေးထိုးခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC ၏ ဥက္ကဋ္ဌ အနေဖြင့် တာဝန်ယူ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။



















