Home သတင်း ညောင်လေးပင်ခရိုင်တွင် (၄)ရက်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဒေသခံ (၄) ဦး ထိခိုက်ဒဏ်ရာရ

ညောင်လေးပင်ခရိုင်တွင် (၄)ရက်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဒေသခံ (၄) ဦး ထိခိုက်ဒဏ်ရာရ

637
Photo: KNU

အောက်တိုဘာလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ‌ညောင်လေးပင်ခရိုင်/ တပ်မဟာ-၃ နယ်မြေရှိ ကျေးရွာများသို့ ပြီးခဲ့သည့် အောက်တိုတာ (၁၁) ရက်မှ (၁၄) ရက်နေ့အထိ စစ်‌ကောင်စီက လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံအမျိုးသမီး (၁)ဦး အပါအဝင် (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ(ဗဟို)က အောက်တိုဘာလ(၁၅)ရက်နေ့တွင် ထုတ်ပြန်သည်။

ကေအဲန်ယူ၏ မုန်း၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်တို့တွင် စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ပစ်ခတ်ခဲ့သော လက်နက်ကြီးများကြောင့် ညောင်ပင်ကြီးရွာနေ ဒေသခံသားအမိ (၂)ဦး၊ သေဂေလူရွာနှင့် သဲဖြူရွာဟောင်းတို့မှ အမျိုးသားကြီး (၂) ဦးတို့ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

‌‌KNU မုန်းမြို့နယ်ပြောရေးဆိုခွင့် ရှိသူက “ ဒီဘက် ထိတဲ့တစ်ယောက်က စိုးရိမ်စရာအခြေအနေတော့ မရှိဘူး။ လက်နက်ကြီးကတော့ နေ့တိုင်း ပစ်တာပဲ။ တခါတလေ ရွာပြင်ကျတာ ရှိသလို ရွာထဲကို ကျပြီးတော့ လူတွေထိတာ ရှိတာပေါ့။ ပစ်တာတော့ သူတို့ နေတဲ့နေရာကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပဲ လှမ်းထုနေတာ ဒီနေ့အထိပဲ။ “ဟု ကေအိုင်စီသို့ ပြောသည်။

Photo: KNU

လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ဒေသခံ(၄)ဦးလုံး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း ကေအဲန်ယူ ညောင်လေးပင်ခရိုင်ဘက်က သိရှိရသော်လည်း လက်နက်ကြီးပစ်ခတ်မှုမှာ (၄) ရက်အတွင်း အလုံးရေ (၁၀)လုံးထက်မနည်း ပြည်သူလူထုနေထိုင်ရာ ကျေးရွာများအတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ညောင်လေးပင်ခရိုင်အတွင်း လက်ရှိအခြေအနေသည် စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးမှုနှင့် ထိတွေ့တိုက်ပွဲများ မရှိသေးသည့်တိုင် ၎င်းတို့အထိုင်ချထားသည့် တပ်ရင်း၊ တပ်စခန်းများမှ နေ့စဥ်ရက်ဆက်ဆိုသလို လက်နက်ကြီးပစ်ခတ်နေခြင်းကြောင့် စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေရဆဲဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၈) ရက်နေ့ကလည်း မုန်းမြို့နယ်တွင် စစ်ကောင်စီနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ၏ လက်နက်ကြီး ကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသေးသည်။