အောက်တိုဘာ ၁၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ပြည်သူ့ စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာသည့် အမျိုး သမီးများအပေါ် အကာကွယ်ပေး နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို အောက်တိုဘာ ၇ မှ ၈ ရက်ထိ ဖားအံခရိုင်၊ ကရင်လူငယ်အစည်းအရုံး- KYO ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲကို စစ်မှုထမ်း ဥပဒေကြောင့် ကေအဲန်ယူနယ်မြေသို့ တိမ်းရှောင်လာသည့် အမျိုးသမီးများကို ကေအဲန်ယူက အကူအညီပေးနိုင်ရေးနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ကာကွယ်ရေးနှင့် ဖြေရှင်းရေး စသည်တို့ကို ရေးဆွဲအကောင်အထည်ဖော်ရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်ရက်အတွင်း ကေအဲန်ယူ-ဗဟို ခေါင်းဆောင်များနှင့် ဌာနအလိုက် ကိုယ်စားလှယ်များက အပြန်အလှန်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။
“ကျနော်တို့ အနေနဲ့ စစ်ကောင်စီရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းကနေ ကာကွယ်ပေးရမယ့်အဖွဲ့ ဖွဲ့ထား တယ်။ လုပ်ငန်းစဥ်ပိုင်းမှာလည်း သီးသန့် အမျိုးသမီး ကာကွယ်စောင့်ရှောက် ရမှာတွေ ရှိတယ်။ ဒီဆွေးနွေးမှု ကနေပြီးတော့ ဘာတွေကို ကာကွယ်ဆောင်ရွက်ပေးသင့်လဲ စတဲ့ တွေ့ရှိချက်တွေ ရမယ်လို့ မျှော်လင့်တယ် ” ဟု KNU တွဲဖက် အထွေထွေအတွင်းရေးမှူး-၂ ပဒိုစောလှထွန်းက ပြောသည်။
ထို့အပြင် စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသေးသရွေ့ ရှေ့ဆက်နေဦးမည့် စစ်မှုထမ်းဥပဒေအား ကြောက်ရွံ့စိတ်ဖြင့် ထွက်ပြေးတိမ်းရှောင်လာသည့် အမျိုးသမီးများကို လုံခြုံစွာ ကာကွယ်ထားရှိနိုင်ရေးအတွက် ကေအဲန်ယူအနေဖြင့် ၎င်းတို့ချမှတ်ထားသည့် လုပ်ငန်းစဥ်အတိုင်း အတူတကွ လုပ်ဆောင်ကြမည် ဖြစ်သည်ဟု ပဒိုစောလှထွန်းက ဖြည့်ဆွက် ပြောသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ အမျိုးသမီးတစ်ဦးက “စစ်ဆေးရေးတင်းကြပ်တဲ့ ဒေသကနေ လာရောက်မယ့် အမျိုးသမီးတွေအတွက် လမ်းခရီးလုံခြုံမှု ရှိအောင်ရယ်၊ တချို့ဆို ငယ်ငယ်ရွယ်ရွယ်နဲ့ တိမ်းရှောင်လာရတော့ ထိုင်း ဘက်အလုပ်သွားလုပ်ဖို့ အဆင်မပြေသလို ပညာရေးဘက် ပြန်ကြည့်ရင်လည်း တစ်ပိုင်းတစ်စနဲ့ ပြတ်တောက် နေတယ်။ အဲဒီအတွက် ဘယ်လိုဆောင်ရွက်ပေးသင့်လဲပေါ့နော် စဥ်းစားလို့ရအောင် ဆွေးနွေးခဲ့တာတွေရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် အမျိုးသမီးများ၏ လက်ရှိမြေပြင်အခြေအနေများကို သိရှိနိုင်ရန် ဆွေးမှု ပြုလုပ်ခဲ့ပြီး ဒုတိယနေ့ တွင်လည်း ကေအဲန်ယူ၏ ၁၇ ကြိမ်မြောက်ကွန်ကရက်မှ ဆုံးဖြတ်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဆိုင်ရာ ပေါ်လစီရေးဆွဲရာ၌ ထည့်သွင်းစဥ်းစားရမည့် အချက်များကို အကြံပြုဆွေးနွေးခဲ့သည်။
နှစ်ရက်တာပြုလုပ်ခဲ့သည့် အဆိုပါဆွေးနွေးပွဲသို့ ကေအဲန်ယူ တွဲဖက်ထွေထွေအတွင်းရေးမှူး-၂ ပဒိုစောလှထွန်း ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ ပဒိုနော်ဒါးဒါး၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင်လူငယ် အစည်းအရုံး-KYO အပါအဝင် ဆိုင်ရာကိုယ်စားလှယ် စုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့သည်။



















