Home သတင်း ကော့ကရိတ်-မြဝတီလမ်းဟောင်းပေါ် ဂိတ်ကြေးကောက်ယူမှုပိုများ၍ တောလမ်း ပြောင်းလဲအသုံးပြုသည့် မော်တော်ယာဥ်ပိုများလာ

ကော့ကရိတ်-မြဝတီလမ်းဟောင်းပေါ် ဂိတ်ကြေးကောက်ယူမှုပိုများ၍ တောလမ်း ပြောင်းလဲအသုံးပြုသည့် မော်တော်ယာဥ်ပိုများလာ

997
Photo: CJ

အောက်တိုဘာ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-မြဝတီလမ်းဟောင်းပေါ် သွားလာသည့် ခရီးသွားကုန်သွယ် မော်တော်ယာဥ်များထံမှ ဂိတ်ကြေးကောက်ယူမှု များပြားနေဆဲဖြစ်သဖြင့် ဂိတ်ကြေးအနည်းငယ် လျှော့ကောက်ပေးထားသော ထို့ကော်ကိုးနှင့် ၁၀၁၈ လမ်းများသို့ ပြောင်းလဲအသုံးပြုနေသည့် မော်တော်ယာဥ်များမှာ ယခုပွင့်လင်းရာသီတွင် ပိုမိုများပြားလာသည်ဟု ယာဥ်မောင်းများက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး အဓိကကျသည့် အာရှလမ်းမကြီးကို တိုက်ပွဲကြောင့် ပိတ်ထားဆဲအခြေအနေတွင် မော်တော်ယာဥ်များမှာ ယခင်အသုံးပြုသည့် လမ်းဟောင်းနှင့် တောလမ်းများကို အသုံးပြုနေရခြင်းဖြစ်ပြီး မိုးရာသီ၌ တောလမ်းကပျက်စီးမှုများသောကြောင့် ယာဥ်အများစုမှာ လမ်းဟောင်းကိုသာအဓိကထား သွားလာခဲ့ရခြင်းဖြစ်သည်။

မော်တော်ယာဥ်မောင်းတစ်ဦးက “လမ်းတွေကတော့ ဖွင့်တယ်။ လမ်းဟောင်းဘက်က ဂိတ်ကြေး ကောက်တာများလို့ အခုရက်ပိုင်း ကားအများစုက တောလမ်းဘက်ကသွားကြတယ်။ တချို့ဆိုလည်း မကိုက်လို့ကားနားထားလိုက်ရတာရှိတယ်။ လမ်းဟောင်းမှာက တောင်ပေါ်ဆို ညီနောင်တစ်ဂိတ်၊ အောက်ဘိုတဲတစ်ဂိတ် နှစ်ဂိတ်ပဲရှိတာတောင် ၃သိန်းလောက်ကုန်ပြီ။ ထို့ကော်ကိုးနဲ့ ၁၀၁၈လမ်းဘက်ကို အခု ဂိတ်ကြေးတွေလျှော့ပေးလိုက်ပြီဆိုတော့ အဲဒီဘက်ကို အသွားများကြတာ။” ဟု ကေအိုင်စီသို့ ပြောသည်။

သို့သော် ဒေါနတောင်အောက်ရှိ လက်နက်ကိုင်ဂိတ်စုံမှ အရပ်ဝတ်ဖြင့်လည်းကောင်း၊ ယူနီဖောင်းဝတ်ဖြင့် လက်နက်ကိုင်ဆောင်၍လည်းကောင်း တောက်လျှောက် ဂိတ်ကြေးတောင်းခံနေသည့်အပြင် အချို့ရွာဂိတ်များမှလည်း ရွာလမ်းများပြင်ရန်ဟုဆိုကာ တစ်ဂိတ်လျှင် မြန်မာကျပ်ငွေ ၅ ထောင်ခန့် တောင်းခံမှုရှိသည်ဟု ကုန်တင်မော်တော်ယာဥ်မောင်းများက ဆိုသည်။

ဖော်ပြပါ ယာဥ်မောင်းကပင် ဆက်လက်၍ “တောင်အောက်မှာပဲ တစ်ဂိတ် ၅ ထောင်၊ ၅ ထောင် တောင်းနေတာ။ အဖွဲ့စည်းဝတ်စုံနဲ့သေနတ်ကိုင်ပြီး တောင်းတာအပြင် အောက်ဘိုတဲကျော်ပြီး နှစ်ဂိတ်လောက်မှာလည်း ရွာကလူတွေပဲ လမ်းပြင်ဖို့ဆိုပြီး တောင်းတယ်။ တခါမှ ပြင်တာလည်းမတွေ့ဘူး။” ဟု ဖြည့်စွက်ပြောသည်။

ထို့အပြင် နယ်စပ်ကုန်သွယ်လမ်းကြောင်းအချို့ ဖွင့်လှစ်နိုင်မှုကြောင့် ကော့ကရိတ်-မြဝတီဘက် ကုန်သည်များမှာလည်း ကုန်တန်ချိန်ဈေးနှုန်းများကို ယခင်ကလောက်မပေးတော့သဖြင့် လမ်းကြေး၊ ဂိတ်ကြေးများပြီး ကုန်သည်အခကြေးငွေ သိပ်မရသည့်အခြေအနေတွင် အလုပ်အကိုင် မကောင်းတော့ကြောင်း ကုန်တင်ယာဥ်ပြေးဆွဲသူများက ၎င်းတို့အခက်အခဲကို ပြောပြသည်။

ထို့ကြောင့် လမ်းအသုံးပြု သွားလာသူများနှင့် ကုန်သည်အသိုင်းအဝိုင်းမှ အမှတ်(၁) အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆန္ဒရှိသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်း သက်ဆိုင်သူ ကရင့် လက်နက်ကိုင်အဖွဲ့များ လမ်းကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုသာရှိခဲ့ပြီး ယနေ့ထက်ထိ ပုံမှန်ဖွင့်နိုင်မည့် အလားအလာမရှိသေးကြောင်း သုံးသပ်သူတို့ကမှတ်ချက်ပြုသည်။

နိုင်ငံရေး၊ စစ်ရေးသုံးသပ်ချက်များ မှတ်တမ်းတင်ထုတ်ပြန်လေ့ရှိသည့် မဟာဗျူ ဟာနှင့်မူဝါဒလေ့လာရေးအဖွဲ့-ISP ၏ အောက်တိုဘာလ(၄)ရက်နေ့က သုံးသပ်ချက်အရ အာရှလမ်းမကြီးမဖွင့်နိုင်သေးချိန် အစားထိုးအသုံးပြုနေရသည့် ဒေါနတောင်ဖြတ်တောလမ်းများဆီမှ တစ်လလျှင် ပျှမ်းမျှ မြန်မာကျပ်ငွေ သိန်းပေါင်းလေးသောင်းခန့်ကို ကရင့်လက်နက်ကိုင်များမှ ရရှိကြောင်း ဖော်ပြထားသည်။