အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းရုံး-KNU၏ တောင်ပိုင်းဒေသ ခရိုင်အုပ်ချုပ်နယ်မြေများအတွက် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူများကို စွမ်းရည်မြှင့်တင်ပေးသည့် ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေး နှင့် ပြည်သူ့ ရေးရာစီမံခန့်ခွဲရေး သင်တန်းကို တစ်လတာ ဖွင့်လှစ်ပြီးနောက် ယမန်နေ့ အောက်တိုဘာ ၁၁ ရက်နေ့က ဖားအံခရိုင်တစ်နေရာတွင် သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့သည်။
အုပ်ချုပ်မှု စွမ်းရည်မြှင့်တင်ရေးကော်မတီ မှဦးဆောင်ပြီး ကေအဲန်ယူ၏ တောင်ပိုင်းခရိုင် ဒေသများဖြစ်သည့် ဖားအံခရိုင်၊ ဒူးပလာယာခရိုင်၊ သထုံခရိုင်မှ ဌာနဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများအပြင် အခြားသော ကေအဲန်ယူ၏ ဌာနဆိုင်ရာ တာဝန်ရှိသူများကို ခိုင်မာအားကောင်း ပြီး ပြည်သူလူထုဗဟိုပြုသည့် အုပ်ချုပ်ရေး ပုံံစံများကို ဖြစ်ထွန်းလာစေရန် ပြင်ဆင်မှုတစ်ရပ်အနေဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ကော်မတီ၏အတွင်းရေးမှူး စောကပီက ယခုလို ပြောသည်။
၎င်းက “ကော်သူးလေ တည်ထောင်ဖို့ အသက်တွေ ချွေးတွေ ပေးဆပ်နေရတယ်ဆိုပေမဲ့ ကော်သူးလေကို တည် ထောင်လိုက်လို့ ပြည်သူလူထုကို အုပ်ချုပ်တာ လမ်းညွှန်တာ စီမံတာမျိုးလုပ်တဲ့နေရာမှာ အရည်အချင်းမပြည့်ဝနေဘူးဆိုရင် တခြားလူမျိုးက ကျနော်တို့ကို လာအုပ်ချုပ်နေမှာပဲ။ အဲ့ဒါကြောင့် ကျနော်တို့ရဲ့ အုပ်ချုပ်မှု ပုံစံကို ပြည်သူလူထုတွေ လက်ခံနိုင်ဖို့ကလည်း ကရင့်တော်လှန်ရေး၏ အရေးကြီးတဲ့ မျှော်မှန်းချက်ထဲမှာပါဝင် နေပါတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

အုပ်ချုပ်ရေး နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး ကျောင်းနှင့် ကေအဲန်ယူ ဗဟိုတာဝန်ရှိသူများ ပူးပေါင်း၍ ဖွင့်လှစ်သည့် အဆိုပါ သင်တန်းကို ခရိုင်(၃)ခုမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ကေအဲန် ယူ(ဗဟို)ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ စုစုပေါင်း (၃၈) ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။
စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၁၁ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အဆိုပါ သင်တန်းတွင် အုပ်ချုပ်ရေးဆိုင်ရာ ဘာသာရပ် ၄ခု၊ ကေအဲန်ယူ၏ လမ်းစဉ်လုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် လက်ရှိ နိုင်ငံရေး အခင်းအကျင်းများအပေါ် သက်ဆိုင်ရာ သင်တန်းဆရာများ၊ ကေအဲန်ယူ ဗဟိုခေါင်းဆောင်များက ပို့ချပေးခဲ့ကြောင်း သိရသည်။
“ကျမတို့အတွက်က ဒီလိုသင်တန်းမျိုးက တကယ်လိုအပ်ပါတယ်။ တကယ်လက်တွေ့ အလုပ်လုပ်တဲ့အခါမှာ နည်းလမ်းတွေ လိုအပ်ပါတယ်။ အရေးကြီးတာက ကျမတို့ ပြည်သူလူထုတွေ အနေနဲ့ ကျမတို့ရဲ့ ရည်ရွယ်ချက်တွေကို သိဖို့လိုအပ်တယ်။ ကေအဲန်ယူ အနေနဲ့ ဘယ်လိုရည်မှန်း ချက်တွေနဲ့ အလုပ်လုပ်နေလဲ၊ ကျမတို့ လုပ်နေတာကလည်း ပြည်သူတွေအတွက်ပဲ ဖြစ်တယ်ဆို တာကို ပြည်သူတွေကို သိစေချင်တယ်။” ဟု ဒူးပလာယာခရိုင်၏ ကိုယ်စားပြုသင်တန်းသူ နော်ကေသီ က ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကရင်အမျိုးသားကြားတွင် လက်နက်ကိုင်အဖွဲ့အစည်း ကွဲပြားမှုများရှိနေသည့်အပေါ် ပြည်သူ လူထုများအနေဖြင့် မည်သည့်အဖွဲ့အစည်းက ပြည်သူလူထုများအတွက် အမှန်တကယ် အလုပ်လုပ်နေသည်ကို သိရှိ နားလည်စေရန်မှာလည်း ယခုလို အုပ်ချုပ်ရေး ပညာရပ်များသည် အရေးကြီးကြောင်း နော်ကေသီက ဆက် ပြောသည်။
သင်တန်းဆင်းပွဲသို့ ကေအဲန်ယူ ဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်း၊ တွဲဘက်အထွေထွေ အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းအပါအဝင် ဗဟိုကော်မတီဝင်များ၊ ဖားအံခရိုင်ဥက္ကဋ္ဌ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAမှ ထိပ်ပိုင်းအရာရှိများ ပါဝင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက အမှားစကား အသီးသီး ပြောဆိုခဲ့ကြပြီး သင်တန်းဆင်း ကိုယ်စားလှယ် (၃၈) ဦးကို အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ခဲ့သည်။
ယခုလို ကေအဲန်ယူ၏ အုပ်ချုပ်ရေး စွမ်းရေးမြှင့်သင်တန်းများကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစတင်ခဲ့ပြီး ကေအဲန်ယူ ၏ မြောက်ပိုင်းဒေသရှိ ခရိုင်(၃)ခုကို ပေးအပ်ခဲ့ပြီးနောက် ယခုနှစ်ကာလများတွင် တောင်ပိုင်းဒေသခရိုင်များကို ဆက်လက်ပေးအပ်ခဲ့ကာ ၃ နှစ်တာ ကာလအတွင်း သင်တန်းသား ၂၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း ၎င်းတို့ မှတ်တမ်းများအရ သိရသည်။