Home သတင်း မူတြော်ခရိုင် ဘူးသိုတွင် ဗုံးကြဲခံရ၍ သားအဖ ၂ ဦး ထပ်မံသေဆုံး

မူတြော်ခရိုင် ဘူးသိုတွင် ဗုံးကြဲခံရ၍ သားအဖ ၂ ဦး ထပ်မံသေဆုံး

701
Photo: KNU

အောက်တိုဘာ ၉ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသို မြို့နယ်၊ ဒေးလော်ပူသို့ စစ်ကောင်စီက အောက်တိုဘာ ၅ ရက်နေ့တွင် လေကြောင်းမှ တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်သည့် အတွက် သားအဖ ၂ ဦး သေဆုံးသွားသည်ဟု ကေအဲန်ယူ(ဗဟို)က ယနေ့တွင် သတင်းထုတ်ပြန်ပြောသည်။

အဆိုပါ ဘူးသိုမြို့ နယ်၊ ဒေးလော်ပူဒေသသို့ အောက်တိုဘာ ၅ ရက်မွန်းလွဲ ၃ နာရီခွဲအချိန်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကျေးရွာအတွင်းရှိ စောဖားနူး အသက် ၂၅ နှစ်နှင့် ၎င်း၏ သမီးဖြစ်သူ နော်မုနော် အသက် ၃ နှစ်တို့ ဗုံးစထိမှန်သေဆုံးသွားခဲ့သည်။ ထို့အပြင် ရွာအတွင်းရှိ နော်ဖိုးငယ် အသက် ၁၄ နှစ်အရွယ်သည် လည်း ဗုံးစမှန် ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၎င်းအပြင် စစ်ကောင်စီက ၎င်းတို့ အုပ်ချုပ်ရေးပိုင်းလက်လွတ်ထားရသည့် မူတြော်ခရိုင်၊ ဖာပွန်မြို့ပေါ်အမှတ် ၁ နှင့် ၂ ရပ်ကွက်သို့ အောက်တိုဘာ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ချိန်တွင် တိုက်လေယာဉ် ၂ စီးဖြင့် ဗုံး ၁၀ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ တောထဲသို့ ဟင်းသီးဟင်းရွက်သွားရှာဖွေသူ ၃ ရက်ကွက်နေ ကလေး ၆ ဦးမိခင် နော်ဟဲခူ အသက် ၅၀ နှစ်သည် ဗုံးစထိမှန် သေဆုံးခဲ့ရသေးသည်။

Photo: KNU

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မူတြော်ခရိုင်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်မဟာ-၅၊ တော်လှန်ရေးပူးပေါင်းတပ်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်များအကြား တိုက်ပွဲ ကြီး တိုက်ပွဲငယ်စုစုပေါင်း ၁၄၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇၄ ဦးသေဆုံးကာ ၄၁ ဦးဒဏ်ရာရရှိသွား သည်။

တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမှုမရှိသော်လည်း သေဆုံးစစ်ကောင်စီ တပ်ဖွဲ့ဝင်များထဲ၌ တပ်ရင်းမှူး တစ်ဦးနှင့် တပ်ခွဲမှူး ၂ ဦး၊ ဒုတပ်ခွဲမှူး တစ်ဦးပါဝင်ကြောင်း ကေအဲန်ယူက ပြောသည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီက လေကြောင်း ပစ်ကူနှင့် လေကြောင်း အသုံးပြု ရိက္ခာ ပို့ ဆောင်ခြင်းများ လုပ်ဆောင်ခဲ့သလို ပြည်သူများ နေထိုင်ရာ ကျေးရွာအတွင်းနှင့် လယ်ယာ လုပ်ငန်းခွင်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား တစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ ခဲ့ကြောင်း သိရသည်။