Home သတင်း ဖားအံ ဝဲပျံကျေးရွာအုပ်စုရှိ အမျိုးသား ၆ ဦးကို လူသစ်စုရန် BGF ခေါ်သွားဟု ဒေသခံပြော

ဖားအံ ဝဲပျံကျေးရွာအုပ်စုရှိ အမျိုးသား ၆ ဦးကို လူသစ်စုရန် BGF ခေါ်သွားဟု ဒေသခံပြော

601
Photo: BGF

အောက်တိုဘာ ၄ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၁ နယ်မြေ ဖားအံမြို့နယ် ဝဲပျံကျေးရွာအုပ်စု ကျားရာခီး ရွာသား ၆ ဦးကို ကရင်နယ်ခြားစောင့်တပ် -BGF ၁၀၁၄ တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂၈ ရက်နေ့တွင် တပ်သား သစ်စုရန် အတင်းအဓမ္မ ခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောဆိုကြသည်။

ကရင်နယ်ခြားစောင့်တပ် BGF အမှတ် ၁၀၁၃၊ ၁၀၁၄ တပ်ရင်း နှစ်ရင်းက ကေအဲန်ယူ တပ်မဟာ-၁ နှင့် တပ်မဟာ- ၅ နယ်မြေအတွင်း လူသစ်စုဆောင်းခြင်းတို့ ပြုလုပ်နေသည်ဟု ဒေသတွင်းအလွှာစုံ သတင်းရင်းမြစ်များက ပြောဆို နေသလို ယခုလို အတင်းအဓမ္မလူသစ်စုဆောင်းခံရခြင်း ဖြစ်သည်။

“အဲဒီတပ်ရင်း ၂ရင်းက ဒီဒေသမှာ သူတို့စစ်သားသစ် ကောက်တယ်။ ဖမ်းဆီးတဲ့သူတွေကိုလဲ ပထမတော့ ဗိုလ်မောင်ချစ်စခန်းကို ပို့လိုက်တယ်လို့ကြားတယ်။ နောက်ပြီး ဗဟိုကို စစ်သင်တန်းအတွက် ပို့မယ်လို့ကြားတယ်။ အခုပို့ပြီးလား မပို့သေးဘူးလားတော့မသိဘူး” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ကေအိုင်စီသို့ အောက်တိုဘာ ၃ ရက်နေ့တွင် ပြောသည်။

ယခုလို တပ်သားသစ်စုရန် အဓမ္မခေါ်ဆောင်သွားခြင်း ခံရသူ အမျိုးသား ၆ ဦးတွင် အသက် ၅၀ နှစ်ကျော် အမျိုး သား ၅ ဦးနှင့် ကျန်တစ်ဦးမှာ အသက် ၄၀ ကျော်အမျိုးသားတစ်ဦးတို့ ဖြစ်သည်။ ထို့အပြင် အဆိုပါဒေသအတွင်း လူငယ်နှင့် လူလတ်ပိုင်းများကို BGF တပ်သို့ ဝင်ရောက်ရန် ဆက်ခေါ်ယူနေသလို ဝင်ရောက်ပါက တစ်လလျှင် တစ်ဦးကို ထိုင်း ဘတ်ငွေ ၅,၀၀၀ ဘတ်ရရှိမည်ဟု ပြောဆိုစည်းရုံးနေသည်ဟု ဒေသခံများက ပြောသည်။

ယခုလို အတင်းအကြပ် လူသစ်စုဆောင်းမှုဖြစ်စဉ်အပေါ် အဆိုပါ BGF တပ်ရင်း တာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရ ဖြစ်ခဲ့သည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့သည် ၂၀၂၄ ခုနှစ်တွင် တပ်သားသစ်အများအပြားစုဆောင်းကာ သင်တန်းပေးခြင်းရှိသည်ဟုသိရှိရသလို ကရင်နှင့် မွန်ပြည်နယ်အတွင်းရှိ လူငယ်အများအပြား BGF တပ်သို့ ဝင်ရောက်ခြင်းများ ရှိသည်ဟု မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။

ထို့အပြင် ယခုအောက်တိုဘာ ၂ ရက်နေ့တွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့က အခြေခံစစ်သင်တန်းနှင့် လက်နက်ကြီး သင်တန်း ဖွင့်ပွဲပြုလုပ်ခဲ့ပြီး သင်တန်းသား ၂,၀၀၀ ခန့် သင်တန်း တက်ရောက်နေသည်ဟု သိရသည်။