အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ခရိုင်၊ ကမမောင်းမြို့နယ်ခွဲအတွင်း ဖွင့်လှစ်ထားသော ဆယ်စုနှစ်ဝက်ကြာကာလ သက် တမ်းရှိ ငါးဂိမ်းလောင်းကစားရုံကြောင့် ဒေသတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ခိုးဝှက်မှုများ ပိုမိုများပြား လာ ကြောင်း ဒေသခံသတင်းအရင်းအမြစ်များမှ သိရသည်။
နယ်ခြားစောင့်တပ်-BGF အုပ်ချုပ်မှုအားကောင်းသည့် ကမမောင်းမြို့နှင့်အနီး ကပ်ကျော်ကျေးရွာအပြင်ဘက်ရှိ ၎င်းငါးဂိမ်းရုံလုပ်ငန်းကြောင့် ထိုနယ်မြေအနီးအနားရှိ ဒေသခံလူကြီး၊ လူငယ်များ မူးယစ် ဆေးဝါးသုံးစွဲမှုများပြားလာသည့်အပြင် ပြည်သူလူထုပိုင် နေအိမ်ရှိပစ္စည်းများလည်း မကြာခဏဆိုသလို ခိုးယူခံနေရကြောင်း ကမမောင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဂိမ်းရုံဖွင့်တဲ့သက်တမ်းက နှစ်နဲ့ချီနေပြီး ဆေးကြောင်၊ လောင်းကစားပဲလုပ်နေကြတော့ ခိုးမှုက အများဆုံးပဲ။ ဂိမ်းရုံနဲ့နီးတဲ့ရပ်ကွက်တွေဆိုရင် ပစ္စည်းကြီး၊ ငယ်မရွေးအပျောက်အများဆုံးပဲ။ အဲ့ဒီမှာစောင့်တာကတော့ BGF ပဲရှိတယ်။ ပုံမှန်ဆို ဘုန်းကြီးပျံပွဲတွေ ရှိမှဖွင့်ကြတာ။ အခုက လုံးဝအထိုင်မျိုး ဖွင့်နေတယ်။ မြင်းဆေးလည်း အလွယ်လေးရောင်းတယ်။ ” ဟု ၎င်းအမျိုးသမီးက ပြောသည်။
ယခင်က အဆိုပါ လောင်းကစားပွဲကို ညပိုင်းတွင်သာပြုလုပ်ခြင်းဖြစ်သော်လည်း ယခုလတ်တလော နေ့ပိုင်း တွင်ပါ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ လောင်းကစားပွဲရုံအတွင်း ငါးပစ်ဂိမ်းတစ်မျိုးတည်းကို အဓိက ဆော့ ကစားနိုင်ခြင်းဖြစ်ပြီး အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်သော စိတ်ကြွရူးသွပ်ဆေး (မြင်းဆေး) များကြောင့် ဒေသခံ လူလတ်ပိုင်းနှင့် လူကြီးပိုင်း အမျိုးသားများပါ ဆိုးရွားစွာ စာရိတ္တပျက်ပြားမှုရှိလာသည်ဟု ဒေသခံတို့က ဆိုသည်။
ဖော်ပြပါ မြို့ခံအမျိုးသမီးက ဆက်လက်၍ “ ပြီးခဲ့တဲ့နှစ် ကတည်းက ကမ်းနားဘက် သစ်ကွင်းနေရာမှာ BGF တွေ က အာဝါဒေးကွင်း လုပ်ထားတယ်။ မိုးတွင်းဆို သူတို့နားလိုက်တယ်။ အခု မိုးကုန်တော့ သူတို့ အဲဒီနေရာမှာ ပြန်စ တယ်။ အဲ့အာဝါဒေးမှာ ငါးဂိမ်းခုံ (၃) ခုံလောက်ရှိတယ်။ ဂိမ်းရုံဆိုတော့ ဆေးတွေပါ အကုန်ရှိတာပေါ့ ” ဟု ဖြည့်စွက်ပြောဆိုသည်။
အဆိုပါ လောင်းကစားရုံအား လွန်ခဲ့သော (၆) နှစ်ခန့်ကတည်းက တရုတ်လူမျိုးများ အချိတ်အဆက်ဖြင့် လမ်းကြောင်းဖောက်ခဲ့ခြင်းဖြစ်သလို လက်ရှိအချိန်တွင်လည်း BGF တပ်ဖွဲ့ဝင်တချို့မှ လုံခြုံရေးယူပေး ထားသည်ဟု ဒေသတချို့၏ ပြောပြချက်အရ သိရသည်။
ထို့အပြင် ကမမောင်းမြို့နယ်ခွဲအတွင်း လောင်းကစားလုပ်ကိုင်နေမှုအပေါ် BGF တပ်ရင်း (၁၀၁၄) ၏ တပ်ရင်းမှူး ဗိုလ်မောင်ချစ်မှ အာဏာကို အသုံးချ၍ လောင်းကစားစီးပွားရေးကို အပိုင်စားရယူ လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ဒေသခံတချို့ကပြောဆိုကြသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကမမောင်းမြို့နယ်ခွဲသည် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ မူတြော်ခရိုင်/ တပ်မဟာ(၅) ၏အုပ်ချုပ်မှု နယ်မြေအတွင်းရှိပြီး ယခုလိုလောင်းကစားရုံမှအစပြုသည့် ဒုစရိုက်မှုများနှင့်ပတ်သက်၍ ကေအဲန်ယူ၏သဘောထားကိုမူ ဆက်လက်မေးမြန်းနေဆဲဖြစ်သည်။
ထို့အတူ KNU နှင့် BGF ပါဝင်သည့် ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်မှုကော်မတီမှ ကရင်ပြည်နယ် ဖားအံခရိုင်အတွင်း လောင်းကစားဝိုင်းများ ပပျောက်ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်းက အဖွဲ့တွင်းသဘောတူ လက်မှတ်ရေးထိုး သတိပေးထားဖူးသည်။
သို့ရာတွင် ဖားအံခရိုင်အပါအဝင် ကရင်ပြည်နယ်အတွင်း ဘာသာရေးပွဲ၊ ပျော်ပွဲရွှင်ပွဲများကို အကြောင်းပြု၍ အာဝါဒေး လောင်းကစားဝိုင်းများ နှစ်စဥ်နှင့်အမျှ ပွဲသွင်းကျင်းပမှုများ ဆက်လက်ရှိနေဆဲဖြစ်သလို လက်နက်ကိုင်အချို့ လုံခြုံရေးယူထားပေးသော လောင်းကစားဝိုင်းများကြောင့် နောက်ဆက်တွဲ ဒုစရိုက်မှုများလည်း တွေ့ကြုံနေရသည်ဟု နယ်ခံများက ဆိုသည်။



















