Home သတင်း ထားဝယ်ထောင်တွင် လုံလောက်စွာဆေးကုသခွင့်မရ၍ နိုင်ငံရေးအကျဥ်းသားတစ်ဦး ထပ်မံသေဆုံး

ထားဝယ်ထောင်တွင် လုံလောက်စွာဆေးကုသခွင့်မရ၍ နိုင်ငံရေးအကျဥ်းသားတစ်ဦး ထပ်မံသေဆုံး

565
Photo: Social Media

အောက်တိုဘာ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်တွင် ဆေးကုသမှု လုံလောက်စွာမရ၍ နိုင်ငံရေးအကျဥ်းသားတစ်ဦး ထပ်မံသေဆုံးခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က အောက်တိုဘာလ (၂၂) ရက် ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

PPNM ၏ ထုတ်ပြန်ချက်အရ ထားဝယ်အကျဥ်းထောင်တွင် ပုဒ်မ ၅၀ ည၊ ပုဒ်မ ၅၂ များဖြင့် မတရားဖမ်း ဆီးခံထားရသည့် အသက် (၆၂) နှစ်အရွယ် နိုင်ငံရေးအကျဥ်းသား ဦးရဲအောင် (ခ) ကိုချင်း ဆိုသူသည် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထားဝယ်ဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အကျဥ်းထောင်အတွင်း ဖမ်းဆီးခံထားရစဥ် အဆိုပါ နိုင်ငံရေးအကျဥ်းသားသည် စက်တင်ဘာ ၂၇ ရက်နေ့တွင် လေဖြတ်ရောဂါဝေဒနာ ခံစားနေရချိန်၌ ထောင်တွင်းဆရာဝန်အင်အား မလုံလောက်သောကြောင့် ထောင်အပြင်ဘက်သို့ ပို့ဆောင်ကုသခဲ့ရပြီး ကုသမှုခံယူနေစဥ်အတွင်း သေဆုံးသွားခြင်းဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။

ယခုလို သေဆုံးခဲ့ရသည့် အခြေအနေအသေးစိတ်ကို အတည်ပြုနိုင်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိကြောင်းလည်း (PPNM) ထုတ်ပြန်အသိပေးပြောဆိုထားသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အရေးပေါ်ဆေးကုသမှုအတွက် ပြင်ပဆေးရုံသို့ အချိန်မီ ပို့ဆောင်ပေးခြင်းမရှိသဖြင့် ကျိုက်မရော၊ သထုံ၊ မကွေး၊ ကလေး၊ မန္တလေး(အိုးဘို)၊ ဒိုက်ဦး၊ သရက်နှင့် အင်းစိန် စသည့် အကျဥ်းထောင်များမှ နိုင်ငံရေးအကျဥ်းသူ(၂)ဦးနှင့် အကျဥ်းသား (၁၂) ဦးသည် ထောင်တွင်း ဆေးဝါး မလုံလောက်ခြင်း၊ ဆရာဝန်မှပေါ့ဆခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွားခြင်းတို့ကြောင့် အသက်သေဆုံး ခဲ့ရသည်ဟု PPNM ၏ မှတ်တမ်းများအရ သိရသည်။

ထို့ကြောင့် ၂၀၂၄ ခုနှစ်အတွင်း၊ အကျဥ်းထောင်များအတွင်း၌ အကျဥ်းကျနေစဥ် ဆေးဝါးစောင့်ရှောက်မှု မလုံ လောက်၍ အသက်သေဆုံးခဲ့သူ နိုင်ငံရေးအကျဉ်းသူ/သား စုစုပေါင်း (၁၅) ဦးအထိ ရှိလာကြောင်း PPNM က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၌ စစ်တပ်အာဏာသိမ်းပြီး (၃)နှစ်ကျော်ကာလ အတွင်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇,၅၆၉) ဦးရှိပြီး ၎င်းထဲတွင် (၂၁,၀၂၆) ဦးထိန်းသိမ်းခံနေရဆဲဖြစ်သလို (၉,၄၇၄) ဦးမှာ ထောင်ဒဏ်ချမှတ် ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက အောက်တိုဘာလ ( ၂၃) ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။