Home သတင်း စစ်ရေးအောင်မြင်မှုနှင့်အတူ ဖြေရှင်းရန်ခက်ခဲဦးမည့် ဖက်ဒရယ်ပဟေဠိများ အစီရင်ခံစာ BNI-MPM မိတ်ဆက်

စစ်ရေးအောင်မြင်မှုနှင့်အတူ ဖြေရှင်းရန်ခက်ခဲဦးမည့် ဖက်ဒရယ်ပဟေဠိများ အစီရင်ခံစာ BNI-MPM မိတ်ဆက်

741
Photo: BNI

အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

နိုင်ငံတကာမြန်မာသတင်းအဖွဲ့၏ ငြိမ်းချမ်းရေးဖြစ်စဥ်စောင့်ကြည့်လေ့လာရေး လုပ်ငန်းတစ်ခုဖြစ်သည့် BNI-MPM က ‘စစ်ရေးအောင်မြင်မှုနှင့်အတူ ဖြေရှင်းရန်ခက်ခဲဦးမည့် ဖက်ဒရယ်ပဟေဠိများ’ အထူးသုံးသပ်ချက် အစီရင်ခံစာ မိတ်ဆက်အစီအစဥ်ကို ယနေ့ အောက်တိုဘာလ(၁၁)ရက်နေ့က အွန်လိုင်းဖြင့် ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလပိုင်းက ရေးသားထုတ်ဝေခဲ့ပြီးသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးအတွက် မိုဒယ်နှင့်ဒီဇိုင်းများ အစီရင်ခံစာ၏နောက်ဆက်တွဲအဖြစ် ယခု အစီရင်ခံစာကို ထပ်မံရေးသားခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးအစုအဖွဲ့များ၏ စစ်ရေးအောင်မြင် မှုနှင့်အညီ နိုင်ငံရေးအရအောင်မြင်မှုရှိရေး လုပ်ဆောင်သင့်သည့်အပေါ် တင်ပြထားကြောင်းလည်း BNI-MPM က ဆိုသည်။

BNI ၏ မူဝါဒရေးရာကော်မတီဥက္ကဋ္ဌ ဦးကိုကိုဇော်က “ဒါကတော့ အထူးအစီရင်ခံစာပေါ့နော်၊ လက်ရှိ နယ်မြေ၊ လူမျိုးစုအလိုက် တော်လှန်ရေးလုပ်ဆောင်ပြီး ဖက်ဒရယ်ယူနစ်တည်ဆောက်ရာမှာ ကြုံရ တဲ့စိန်ခေါ်မှုတွေကို တတ်နိုင်သလောက် ကျနော်တို့ တင်ပြထားတယ်။ စစ်ရေးအောင်မြင်မှုနဲ့အညီ နိုင်ငံရေးအောင်မြင်မှုရှိဖို့ကို ကျနော်တို့ BNI-MPM ဝိုင်းတော်သားတွေက ကြိုးပမ်းတင်ပြထားပါတယ်” ဟု မိတ်ဆက်ပွဲတွင် ပြောသည်။

အစီရင်ခံစာဖြစ်မြောက်ရေးအတွက် ဖက်ဒရယ်ယူနစ်ဖော်ဆောင်နေကြသည့် သက်ဆိုင်ရာ ခေါင်း ဆောင်များ၊ နိုင်ငံရေးနှင့်ဖက်ဒရယ်အရေးကျွမ်းကျင်သူများကို ဖိတ်ခေါ်၍ စကားဝိုင်းပြုလုပ် အချက် အလက် စုဆောင်းခြင်းနှင့် အရပ်ဖက်အဖွဲ့များ၊ ပြည်တွင်းပြည်ပမီဒီယာများမှ သုံးသပ်ချက်အစီရင်ခံစာများအား မှတ်တမ်းပြုလေ့လာခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

BNI-MPM ၏ သုတေသန အချက်အလက်များ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများသို့ ရောက်ရှိနိုင်မည့်အပေါ် ဆောင်ရွက်ချက်နှင့်ပတ်သက်၍ “သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ အစည်းအဝေးလုပ်ရင်း ကျမတို့ရရှိထားတဲ့ အချက်အလက်တွေကို သတင်းစကားပါးတာရှိတယ်။ တဖက်မှာလည်း အီးမေးလ်တွေနဲ့ အစီရင်ခံစာတွေကို ပို့တာရှိတယ်။ ဖတ်ရှုပေးနိုင်မယ့်အနေအထားဖြစ်ဖို့ကတော့ ဆက်ပြီးတိုက်တွန်းသွားရမှာပါ” ဟု BNI ၏ မန်နေး ဂျင်းဒါရိုက်တာ ဒေါ်တင်တင်ညိုက ပြောသည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၏ ၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုနှင့် တောင်ပိုင်းတွင် ရပ်တန့်နေသော ဖက်ဒရယ်ကြိုးပမ်းမှုတို့ ချိတ်ဆက်နိုင်ရေး၊ စစ်ရေးနှင့်နိုင်ငံရေးအောင်မြင်မှု ချိတ်ဆက်နိုင်ရေး နည်းလမ်းများကို ထောက်ပြဖော်ထုတ်နိုင်ရန် BNI-MPM အနေဖြင့် ကြိုးပမ်း တင်ပြထားကြောင်းလည်း ထိုအစီရင်ခံစာအရ သိရသည်။

ဆက်လက်၍ စစ်ရေးအောင်မြင်မှုနှင့်နိုင်ငံရေးအရ အဆင်သင့်ဖြစ်မှု၊ တော်လှန်ရေးအစုအဖွဲ့များ၏ မတူညီသောနိုင်ငံရေးအိပ်မက်များအပေါ် အစီရင်ခံစာအတွင်း အဓိကဆွေးနွေးပြထားသလို လက်ရှိဖြစ် ပေါ်နေသည့် စစ်ရေးနှင့်နိုင်ငံရေးအရှိန်အဟုန်၊ ဖက်ဒရယ်နှင့်ပြည်နယ်သစ်များပေါ်ထွန်းရေး၊ ပြန့်ကြဲ နေသော လုံခြုံရေးကဏ္ဍပြန်လည်ပေါင်းစီးရေးတို့ကိုလည်း လေ့လာဆန်းစစ်ပြထားကြောင်း တွေ့ရသည်။

၂၀၁၃ ခုနှစ်ကတည်းက စတင်လာခဲ့သည့် BNI-MPM သည် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ ဖြစ်စဥ်အတွင်း ပတ်သက်နေသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အကြောင်းအရာများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ် အရွှေ့အပြောင်းများကို လူထု သိရှိနားလည်စေရန်ရည်ရွယ်ပြီး ရည်ညွှန်းအကိုး အကာစာအုပ်များ ထုတ်ဝေခြင်းကိုလည်း လက်ရှိအချိန်ထိ လုပ်ဆောင်လျက်ရှိသည်။