Home သတင်း ကွမ်းသီး ရာသီကုန်ခါနီးအချိန် ကွမ်းသီးနု စျေးပြန်တက်လာ

ကွမ်းသီး ရာသီကုန်ခါနီးအချိန် ကွမ်းသီးနု စျေးပြန်တက်လာ

645

အောက်တိုဘာ ၈ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း ကွမ်းသီးရာသီကုန်ခါနီးအချိန်တွင် ကွမ်းသီးဝယ်လိုအား များလာသည့်အတွက် ကွမ်းသီးနု ဈေးပြန်တက်လာသည်ဟု ကွမ်းသီးအရောင်းအဝယ် ပြုလုပ်သူများက ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်ထွက် ကွမ်းသီးနု အများစုကို ထိုင်းကုန်သည်များက ဝယ်ယူနေကာ ထိုင်း-မြန်မာနယ်စပ်မှ တစ်ဆင့် ပို့ဆောင်ရောင်းချနေခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ဝယ်လိုအားများလာသည့်အတွက် ကွမ်းသီးနုဈေး ပြန်လည် မြင့်တက်လာခြင်းဖြစ်ကြောင်း ကွမ်းသီးရောင်းဝယ်သူတစ်ဦးက ယခုလို ပြောသည်။

“ထိုင်းဘက်သူဌေးတွေက ကွမ်းသီးနုလာပြီး ဆက်ဝယ်တယ်။ ပြီးတော့ဒီအချိန်မှာ ကွမ်းသီးနုရာသီကုန်ပြီး လက်ကျန်တွေပဲကျန်တော့ ကွမ်းသီးစျေးက ပြန်တက်သွားတယ်။ အရင်နှစ်တုန်းကတော့ ဒီလိုကွမ်းသီး ရာသီ ကုန်ခါနီးအချိန်မှာ စျေးမတက်ဘူး။ ဒီနှစ်ပဲစျေး ဆက်တက်တယ်” ဟု ကွမ်းသီးကုန်သည် တစ်ဦးက အောက်တိုဘာ ၈ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကွမ်းသီးနုစပေါ်သည့်အချိန်တွင် ကွမ်းသီးတစ်ကီလို ၃၀ ဘတ် ဈေးရှိရာမှ လက်ရှိအချိန်တွင် ဝယ်လိုအား များလာကာ တစ်ကီလို ၅၀ ဘတ်အထိ စျေးတက်လာသည်ဟု ဒေသအတွင်း ကွမ်းသီးရောင်းဝယ်သူ၏ ပြောဆို ချက်အရ သိရသည်။

ဒေသအတွင်း ကွမ်းသီးခြံပိုင်ရှင်အချို့သည် နိုင်ငံရေးမတည်ငြိမ်သည့်အတွက် ကွမ်းသီးအရှုံးပေါ်မည်ကို စိုးရိမ်နေသောကြောင့် ကွမ်းသီးနုများကို လျင်မြန်စွာရောင်းချသူရှိသလို အချို့သည် ကွမ်းသီး အနုမရောင်းဘဲ ကွမ်းသီးအရင့်နှင့် ကွမ်းသီးခြောက်များကိုသာ ရောင်းနေကြောင်း ကွမ်းသီးခြံသမားများထံမှ သိရသည်။

ကွမ်းခြံပိုင်ရှင်တစ်ဦးက “ကွမ်းသီးနုရောင်းတာက တစ်မျိုးတော့ကောင်းတယ်၊ အရမ်းမပင်ပန်းရဘူး။ ပြီးတော့ နိုင်ငံရေးအခြေအနေ ဘယ်လိုလာမလဲမသိဘူး။ ရှိရင်မြန်မြန်ရောင်းလိုက်တယ်။ ကွမ်းသီးအရင့် အခြောက် ရောင်းတာကတော့ ပင်ပန်းရတယ်။ ဒါပေမယ့် စျေးပြန်တွက်လိုက်ရင်တော့ ကွမ်းသီး ခြောက်တွေက ငွေရများပေမယ့် ပင်ပန်းတယ်။ သူခိုးရန်တွေလည်း ရှိသေးတယ်။ ကွမ်းသီးက သီးပြီးဆိုရင် မသွားစောင့်ရင် ခိုးခံရတာတွေ လည်းရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဒေသထွက်ကွမ်းသီးနုများသည် ထိုင်းမှတစ်ဆင့် တရုတ်နှင့် ဗီယက်နမ် နိုင်ငံသို့ ပို့ဆောင်ပေးနေခြင်းဖြစ်ကာ ရေနွေးကြမ်းထဲတွင် ထည့်သွင်းသည့် စားသောက်ကုန်အဖြစ် ကုန်ချောပြန်လည်ထုတ်လုပ်ပြီး စျေးကွက်ထဲတွင် ပြန်လည်ရောင်းချခြင်းရှိကြောင်း ကုန်သည်များထံမှ သိရသည်။