အောက်တိုဘာ၂၈ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ခလယ်ခလွီထူ (ညောင်လေးပင်)ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ၂ ရက်အတွင်းစစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးသွားသည်ဟု ကေအဲန်ယူ-ဗဟိုက ယမန်နေ့တွင် ထုတ်ပြန် ပြောဆိုသည်။
ဖြစ်စဉ်မှာ ကျောက်ကြီးမြို့နယ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ-၂၆၄) တပ်ရင်းက ပြီးခဲ့ သည့် အောက်တိုဘာ၂၅ ရက်နေ့၊ နေ့လည် ၁၁ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမလက်နက် ကြီး နှစ်လုံးပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်ခံကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ရာ ကျေးရွာနေ ဒေါ်ညွန့်ကြည်၏ ပေါင်နှစ်ဖက်စလုံး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဒေါ်မွေးကြည်၏ နေအိမ်ထိခိုက်ပျက်စီး သွားသည်။
အောက်တိုဘာ ၂၆ ရက်နေ့တွင်လည်း အဆိုပါတပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ထပ်မံပစ်ခတ်ခဲ့ပြီး ကျောက်စရစ်ရွာ အနောက်ဘက်တွင် နေထိုင်သည့် ဦးဇော်ဦး၏ ဝမ်းဗိုက် ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။ ထို့အပြင် တောကြောင်ပေါက်ကျေးရွာတွင် မောင်ကိုကိုဦး အသက် ၂၇ နှစ်၊ နော်အယ်ဂေထူးအသက် ၂၀ နှစ်၊ နော်ဝါးကပေါ် ၁၅ နှစ်၊ နော်ခိုဖလော်ထူး ၅၀ နှစ် စုစုပေါင်းပြည်သူ ၄ ဦး ထပ်မံထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဒေသခံတို့ မွေးမြူထား သည့် ဝက်တစ်ကောင်ပါ ဒဏ်ရာရရှိသွားသည်ဟု KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို ထိခိုက်ဒဏ်ရာရရှိသူများအနေဖြင့် လက်ရှိတွင် ဆေးကုသမှုခံယူလျက်ရှိပြီး စစ်ကောင်စီက ယခုလို လက်နက်ကြီး ပစ်ခတ်မှုများသည် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများအား အဓိက ပစ်မှတ် ထား၍ တိုက်ခိုက်မှုများဖြစ်သည်ဟု ကေအဲန်ယူ ကျောက်ကြီးမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမူက ယခုလို ပြောသည်။

“လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိသူတွေကို KDHW ( ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန) ကနေ တာဝန်ယူပြီး ကုသမှုတွေ ပေးနေတယ်။ စစ် ကောင်စီက လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတဲ့အတွက် ရွာမှာရှိတဲ့ဒေသခံတွေကတော့ ကြောက်ရွံ့ နေကြတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာတော့ မရှိသေးဘူး” ဟု ၎င်းက ပြောသည်။
၎င်းအပြင် တပ်မဟာ-၃ နယ်မြေအတွင်းရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၂၀ က လက်နက်ကြီး တင်ဆောင် လာသည့် ယာဉ်ဖြင့် စစ်တောင်းမြစ်အနောက်ဖက်ခြမ်းရှိ ကျေးရွာများသို့ နေ့ရောညပါ ပစ်ခတ်လျက်ရှိသည့် အတွက် ဒေသခံလူထုများ စိုးရိမ်နေရသည်ဟု သိရသည်။
နောက်ဆုံးရရှိထားသော အချက်အလက်များအရ ဆောထိမြို့နယ်မှ ကျောက်ကြီးမြို့နယ်အထိ စစ်ကောင်စီ တပ်အင်အား အများအပြား ဖြည့်တင်းနေပြီး နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွား လျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။



















