Home သတင်း ကျိုက်ထိုတွင် ဖမ်းမိ စစ်ကောင်စီ ဗိုလ်ဇနီးမောင်နှံကို KNU ဥပဒေအတိုင်းအရေးယူမည်

ကျိုက်ထိုတွင် ဖမ်းမိ စစ်ကောင်စီ ဗိုလ်ဇနီးမောင်နှံကို KNU ဥပဒေအတိုင်းအရေးယူမည်

747
Photo: KNU

အောက်တိုဘာ ၁၆ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် တပ်မဟာ(၁) ကျိုက်ထိုမြို့နယ် KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ် PDF ဂိတ်၌ လမ်းမှားဝင်လာ၍ ဖမ်းဆီးရမိသည့် အမှတ် ၃၁၀ အမြောက်တပ်မှ ဗိုလ်ဟိန်းဇေယျာဦး ဇနီးမောင်နှံကို အစည်းအရုံး၏ ဥပဒေအတိုင်း အရေးယူသွားမည်ဟု KNU တပ်မဟာ(၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက ပြောသည်။

အဆိုပါ ဗိုလ်ဟိန်းဇေယျာဦးနှင့် ဇနီးဖြစ်သူတို့သည် အောက်တိုဘာ ၁၂ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် သိမ်ဇရပ်မှ တစ်ဆင့် အမှတ် ၃၁၀ အမြောက်တပ်သို့သွားရန် လက်နက်များနှင့်အတူ အိမ်စီးကားဖြင့်ထွက်ခွာလာစဉ် သုံးခွ ကျေးရွာအနီးရှိ KNLA -ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၃)နှင့် PDF တော်လှန် ရေးပူးပေါင်းတပ် စစ်ဆေးရေးဂိတ်၌ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

“သူတို့ဝင်လာတော့ KNUနဲ့ PDF ဂိတ်မှာ အမြောက်တပ်ဘယ်မှာရှိလဲဆိုပြီး မှားပြီး လာမေးတာဖြစ်မယ်။ အဲလို လာမေးတော့ သူများသူတို့ကားကို စစ်တော့ လက်နက်တွေပါတာတွေ့တော့ ဖမ်းဆီးလိုက်တာဖြစ်တယ်။ သူတို့ကို တော့ KNU ဘက်မှာအပ်ပြီး ဥပဒေစည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူသွားမယ်” ဟု တပ်မဟာမှူး၊ ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက အောက်တိုဘာ ၁၅ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

အဖမ်းခံရသည့် ဗိုလ်ဟိန်းဇေယျာဦးသည် အသက် ၃၀ နှစ်ရှိပြီး ဇနီးဖြစ်သူ ဒေါ်ထက်ထက်ခိုင်သည်လည်း အသက် ၃၀ နှစ်ဖြစ်ကာ တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် သူနာပြုဆရာမတစ်ဦးဖြစ်သည်။ ၎င်းတို့ နှစ်ဦးနှင့်အတူ အိမ်စီးကားတစ်စီး၊ သေနတ်တစ်လက်၊ ကျည် ၁၂၀ထောင့်၊ ငွေသား ကျပ် ၅ သိန်းနှင့် ဝတ်စုံ များသိမ်းဆည်းရမိထားကြောင်း တပ်မဟာ-၁ ထံမှ သိရသည်။

KNLA နှင့် PDF တော်လှန်ရေးပူးပေါင်းတပ်မှ ထိုဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးထားသည့် ညနေပိုင်းတွင် အမှတ် ၃၁၀ စစ်ကောင်စီအမြောက်တပ်က အနီးနားဝန်းကျင်တွင် လက်နက်ကြီးများနှင့် ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ သည်ဟု မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။

KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ် ဂိတ်ချထားသည့်နေရာနှင့် အမှတ် ၃၁၀ စစ်ကောင်စီအမြောက်တပ် စခန်း တို့သည် တစ်မိုင်ဝန်းကျင်ခန့်သာ ကွာဝေးသည်။ ထို့အပြင် စစ်ကောင်စီ အမှတ် ၃၁၀ အမြောက်တပ်နှင့် သိမ်ဇရပ် ရှိ ခြေမြန်တပ်ရင်း (ခမရ)-၂၀၇ တပ်တို့ကို ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့က KNLA၊ တော်လှန်ရေး ပူးပေါင်း တပ်တို့ သွားရောက်ပစ်ခတ်တိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်မှု ဖြစ်ပွားခဲ့ သေးသည်။